ထိုင်းကွင်းဆက် လူသတ်သမား “အမ် ဆိုက်ယနိုက်” ကို တရားရုံးက ဒုတိယမြောက် သေဒဏ် အမိန့်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။
ထိုင်းနိုင်ငံတွင် လူအမြောက်အမြားကို ဆိုက်ယနိုက် အဆိပ်ခတ် သတ်ဖြတ်ခဲ့သည့် “အမ် ဆိုက်ယနိုက်” (Aem Cyanide) ဟု လူသိများသော စာရာရတ် (Sararat) ကို တရားရုံးက ဒုတိယမြောက် သေဒဏ် အမိန့် ထပ်မံချမှတ်လိုက်သည်။
တရားခံ စာရာရတ်သည် ၂၀၂၀ ပြည့်နှစ်က နခွန်ပထုံမြို့တွင် ၎င်း၏ အကြွေးရှင်ဖြစ်သူကို အအစားအသောက်အတွင်း အဆိပ်ခတ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
၎င်းရယူထားသည့် ဘတ် ၆၀,၀၀၀ အပါအဝင် ရံပုံငွေ အကြွေးများ မဆပ်လိုသဖြင့် ကြိုတင်ပြင်ဆင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့သည်။
သေဆုံးသူ၏ ခန္ဓာကိုယ်အတွင်း ပိုတက်ဆီယမ် ဆိုက်ယနိုက် အဆိပ်တွေ့ရှိခဲ့ပြီး နှလုံးနှင့် အသည်းအပါအဝင် ကိုယ်အင်္ဂါများ ပျက်စီးကာ သေဆုံးခဲ့ရခြင်း ဖြစ်သည်။
တရားခံ စာရာရတ်သည် ၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အနည်းဆုံး လူ ၁၅ ဦးကို အဆိပ်ခတ်ခဲ့သဖြင့် ၁၄ ဦး သေဆုံးကာ ၁ ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့သည်။
သေဆုံးသူများ အားလုံးသည် တရားခံနှင့် အကြွေးကိစ္စ ပတ်သက်မှု ရှိသူများ ဖြစ်ကြသည်။
စုစုပေါင်း စွဲဆိုထားသည့် အမှု ၁၅ မှုအနက် ယခုအမှုသည် ၇ မှုမြောက် စီရင်ချက်ဖြစ်ပြီး တရားခံသည် လက်ရှိအချိန်အထိ သေဒဏ် ၂ မှု၊ ထောင်ဒဏ်တစ်သက် ၂ မှု ကျခံထားရကာ ၃ မှုတွင် တရားရှင် လွတ်မြောက်ခဲ့ပြီး ကျန်ရှိသည့် အမှုများကို တရားရုံးက ဆက်လက်စစ်ဆေးလျက် ရှိသည်။
Photo:supplied/Wassayos Ngamkham