ရက်သတ္တပတ် အတန်ကြာတွင် အီရန်နှင့် အမေရိကန် အကြား ပစ်ခတ်မှု ပြန်ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်။

အမေရိကန် စစ်တပ် (Centcom) သည် ဟော်မုဇ် ရေလက်ကြားရှိ လားရတ် (Larak) ကျွန်းပေါ်၌ ရှိသော အီရန် ဒုံးပစ်လောင်ချာ ၂ ခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ယင်းကို လက်တုန့်ပြန်သည့်အနေဖြင့် အီရန် တော်လှန်ရေး အစောင့်တပ်က UAE ရှိ အမေရိကန် လေတပ်စခန်းကို ဒရုန်းများဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သည်။

ဟော်မုဇ် ရေလက်ကြားအတွင်း မိုင်းထောင်နေသည့် အီရန်တပ်ဖွဲ့များ၏ ခြိမ်းခြောက်မှုကို ဟန့်တားရန်ဖြစ်ပြီး ဇူလိုင်လကုန်နောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု အမေရိကန် စစ်တပ်က ပြောသည်။

ယခု တိုက်ခိုက်မှုကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ် (IRGC) က သတင်းထုတ်ပြန်သည်။

ဒီတိုက်ခိုက်မှုကို လက်စားချေသည့်အနေဖြင့် အီရန် တော်လှန်ရေး အစောင့်တပ်က ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်း ၂ ခုကို ပဲ့ထိန်း ဘော်လစ်စတစ် ဒုံးကျည်များဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ရာ ဂျော်ဒန် စစ်တပ်က ဒုံးကျည် ၈ စင်းကို ကြားဖြတ် ပစ်ခတ် ဖျက်ဆီးခဲ့သည်။

အီရန်နိုင်ငံပိုင် ရုပ်သံက ယူအေအီး (UAE) ရှိ အမေရိကန် လေတပ်စခန်းကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း ယူအေအီး ကာကွယ်ရေး ဝန်ကြီးဌာနကမူ အဆိုပါ သတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပြီး ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်းသာ အတည်ပြုသည်။

ကမ္ဘာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးတွင် အလွန်အရေးပါသော ဟော်မုဇ် ရေလက်ကြား၌ အီရန်က ကုန်သင်္ဘောများကို စစ်ဆေးမှုများ ပြုလုပ်ကာ ဖြတ်သန်းခ ဒေါ်လာ ၂ သန်းအထိ တောင်းခံနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော စစ်ပွဲသည် ၆ လကျော် ကြာမြင့်လာပြီဖြစ်ပြီး အမေရိကန်က အီရန်အပေါ် ရေကြောင်းနှင့် စီးပွားရေး ပိတ်ဆို့မှုများ ဆက်လက် ပြုလုပ်ထားသည်။