ရခိုင်မြောက်ပိုင်း မောင်တောနယ်စပ်တွင် ကင်းလှည့်နေသည့် AA နှင့် ARSA, RSO ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ် ၃၁ ရက်။

ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ မောင်တောမြို့နယ် တောင်ပိုင်းတွင် လုံခြုံရေးကင်းလှည့်နေသည့် အာရက္ခတပ် တော် (AA) နှင့် နယ်စပ်မှ ခိုးဝင်လာသော ARSA၊ RSO ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကိုင် ၆ ဦးကို အရှင်လက်ရ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကမ်းခြေနှင့် ဂြင်းတောချောင်းဝကျေးရွာ ပတ်ဝန်းကျင်တို့တွင် ဩဂုတ်လ ၂၉ ရက်နှင့် ၃၀ ရက်နေ့တို့၌ ကင်းလှည့်နေသည့် AA တပ်စိတ်များနှင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ခိုးဝင်လာသော ARSA၊ RSO ပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒေသခံ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက နှစ်ရက်ဖြစ်တယ်လို့ သိရတယ်။ ၂၉ ရက်နဲ့ ၃၀ ရက်နေ့ တွေမှာ ဖြစ်တာ။ ARSA RSO အဝင်အထွက် စိပ်နေတာသိလို့ အေအေက ကင်းလှည့်နေတာ။ အခုတည့်တည့် တိုးတာပဲ။ အေအေက အရှင်နဲ့ အသေ ဖမ်းမိတာတွေရှိတယ်။ ထုတ်ပြန်ပါလိမ့်မယ် ဟု ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်းမှ ARSA နှင့် RSO လက်နက်ကိုင် ၆ ဦးကို ဖောက်ခွဲရေးပစ္စည်းများ အပါအဝင် အခြား လက်နက်ခဲယမ်းများနှင့်အတူ အာရက္ခတပ်တော် (AA) က အရှင်လက်ရ ဖမ်းဆီးရမိခဲ့သည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်များကို AA က လိုက်လံရှင်းလင်းလျက်ရှိပြီး နယ်စပ်လုံခြုံရေး အင်အားများကိုလည်း ထပ်မံတိုးမြှင့်ထားသည်။

မောင်တော နယ်စပ်ဒေသတွင် ARSA၊ RSO နှင့် ARA အပါအဝင် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များသည် ဒေသခံ အရပ်သားပြည်သူများအား ခြုံခိုတိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် ငွေညှစ်ခြင်းများကို မကြာခဏ ပြုလုပ်လေ့ရှိသည်။

ထို့ကြောင့် ဩဂုတ်လ ၉ ရက်နေ့မှစ၍ မောင်တောမြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး မြို့တွင်း၊ မြို့ပြင် ဂိတ်ချစစ်ဆေးခြင်းနှင့် ကင်းလှည့်ခြင်းများကို နေ့ရောညပါ ပြုလုပ်ကာ လုံခြုံရေး ပိုမိုတင်းကြပ် ထားသည်။

ဓါတ်ပုံ – (ပုံဟောင်း / Crd)