ထိုင်းတွင် ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ စတင်ကျင့်သုံးမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်။
ထိုင်းနိုင်ငံအတွင်း ဥပဒေချိုးဖောက်သည့် နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးမည့် လုပ်ထုံးလုပ်နည်းများ ပါဝင်သော ဝန်ကြီးချုပ်ရုံး နည်းဥပဒေသည် လွန်ခဲ့သည့် သောကြာနေ့မှစ၍ တရားဝင် စတင်အသက်ဝင်ခဲ့ပြီဖြစ်သည်။
အဆိုပါ နည်းဥပဒေအရ ပြည်သူ့အေးချမ်းသာယာရေးကို ခြိမ်းခြောက်သူများ၊ တရားမဝင် ဝင်ရောက်နေထိုင်သူများ၊ တရားမဝင် အလုပ်လုပ်ကိုင်သူများ၊ စာရွက်စာတမ်း အတုပြုလုပ်သူများနှင့် ထောင်ဒဏ် ၅ နှစ်နှင့်အထက် ကျခံရမည့် ပြစ်မှုကျူးလွန်ထားသည့် နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးသွားမည်ဖြစ်သည်။
ထို့ပြင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသားများကို လွတ်ရက်မစေ့မီ အနည်းဆုံး ရက်ပေါင်း ၅၀ ကြိုတင်၍ ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားရမည်ဖြစ်သည်။
အဆိုပါ ပုဂ္ဂိုလ်များကို ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်သည့် အမိန့်ကိုပါ တစ်ပါတည်း ထုတ်ပြန်သွားမည်ဖြစ်သည်။
မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပါက ညှင်းပန်းနှိပ်စက်ခံရနိုင်ခြေ သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်ခံရနိုင်သည့် အန္တရာယ်ရှိသူများအတွက်မူ အဆိုပါ နည်းဥပဒေတွင် အထူးလုပ်ထုံးလုပ်နည်းများ ထည့်သွင်းပြဋ္ဌာန်းထားသည်။
မိခင်နိုင်ငံမဟုတ်ဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်မည့် တတိယနိုင်ငံ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းများက လွှဲပြောင်းလက်ခံရန် တောင်းဆိုလာပါက အဆိုပါ နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းထံသို့ ပြည်နှင်ဒဏ်ဖြင့် လွှဲပြောင်းပေးပို့နိုင်သည်။
အဆိုပါ လွှဲပြောင်းပေးပို့မှုတွင် အောက်ပါ စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်သည်-
၁။ ပြည်နှင်ဒဏ်ခံရသူ ကိုယ်တိုင်က တတိယနိုင်ငံသို့ သွားရောက်ရန် စာဖြင့် ရေးသားထားသည့် သဘောတူညီချက် ပေးအပ်ရမည်။
၂။ ကုန်ကျစရိတ် အားလုံးကို တောင်းဆိုသည့် တတိယနိုင်ငံ သို့မဟုတ် အဖွဲ့အစည်းက ကျခံရမည်။
၃။ တောင်းဆိုမှု ပြုလုပ်ပြီး ရက်ပေါင်း ၃၀ အတွင်း အပြီးဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်ပါက ရက်ပေါင်း ၃၀ စီ နှစ်ကြိမ်အထိ သက်တမ်းတိုးနိုင်သည်။
ယခင်က ထိုင်းနိုင်ငံတွင် ယခင်က ပြည်နှင်ဒဏ်ပေးခြင်း ဥပဒေရှိသော်လည်း နည်းဥပဒေ ရှင်းလင်းမှု မရှိသဖြင့် ယခု နည်းဥပဒေကို ပြဌာန်း သက်ဝင်စေခြင်း ဖြစ်သည်။