တနင်္သာရီတွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲအပြီး ရွာသားနှစ်ဦးကို ဖမ်းဆီးသွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ရေခမ်းချောင်းကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ဒေသခံ ရွာသားနှစ်ဦးကို ဖမ်းဆီး၍ ဇဝဲကျေးရွာအခြေစိုက် ခမရ (၅၅၆) တပ်ရင်းသို့ ခေါ်ဆောင် သွားကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဇဝဲကျေးရွာဘက်မှ ရေခမ်းချောင်းကျေးရွာသို့ စစ်ကြောင်း ပြန်ထိုးလာသည့် အမှတ် (၅၅၆) ခြေမြန်တပ်ရင်းမှ အဆိုပါ ရွာသားနှစ်ဦးကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများမှာ အသက် ၂၀ အရွယ်နှင့် အသက် ၅၀ အရွယ် အမျိုးသားနှစ်ဦး ဖြစ်သည်။
အင်အား ၁၀၀ ခန့်ပါဝင်သည့် အဆိုပါ စစ်အုပ်စု စစ်ကြောင်းသည် ဩဂုတ်လ ၂၈ ရက်နေ့က တုံးဗျောကျေးရွာမှ တစ်ဆင့် တောလမ်းအတိုင်း ရေခမ်းချောင်းကျေးရွာသို့ စစ်ကြောင်းစတင်ထိုးလာခဲ့ပြီး၊ ဩဂုတ်လ ၂၉ ရက်နေ့ တွင် ဇဝဲကျေးရွာဘက်သို့ ပြန်သွားဟန်ပြကာ ရွာအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
အသက် ၄၀ ခန့်အရွယ် ဒေသခံ ရွာသားတစ်ဦးက “သူတို့ ထွက်သွားပြီအထင်နဲ့ ရွာထဲဝင်တဲ့အချိန်မှာ ပြန်လှည့် ဝင်လာတာနဲ့ တိုးမိပြီး အဖမ်းခံလိုက်ရတာ” ဟု ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသူများနှင့် တွေ့ဆုံခွင့် မရရှိသေးသဖြင့် မိသားစုဝင်များအနေဖြင့် ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်ပူပင်နေကြရသည်။
အဆိုပါ ဖမ်းဆီးမှု မဖြစ်ပွားမီ ဩဂုတ်လ ၃၁ ရက် မွန်းတည့် ၁၂ နာရီခန့်တွင်လည်း စစ်အုပ်စု က ရေခမ်း ချောင်းကျေးရွာ ဝန်းကျင်ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသော်လည်း လူထု ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း ရွာသားများက ပြောသည်။
ရေခမ်းချောင်းကျေးရွာသည် ဇဝဲ-တကူ သွားလာသည့် လမ်းပိုင်းပေါ်တွင် တည်ရှိပြီး အိမ်ခြေ ၃၀ ခန့်သာရှိသည့် ကျေးရွာငယ်တစ်ခု ဖြစ်သည်။