မွန်၊ ကရင်နှင့် တနင်္သာရီတွင် စစ်ဘေးရှောင် ၁၆ သိန်းကျော်လာ၊ ကူညီရေးအဖွဲ့များ အခက်ကြုံနေ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ရက်

မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း တိုက်ခိုက် မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသည့် စစ်ဘေးရှောင် ဦးရေ ၁၆ သိန်းကျော်အထိ အဆမတန် တိုးလာနေ ပြီး အခြေခံ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် မိုးကာများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံ ကူညီကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။

ဒေသတွင်း တိုက်ပွဲများအပြင် စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းနှင့် လေကြောင်း တိုက်ခိုက်မှုများ ကြောင့် ဒေသခံများသည် ဘေးလွတ်ရာ တောတောင်များနှင့် ရာဘာခြံများအတွင်းသို့ လအတော်ကြာ ထွက်ပြေး တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က ဩဂုတ် ဒေတာအရ မွန်မှာ စုစုပေါင်း ၂၉၉,၇၂၉ ကျော်၊ ကရင်မှာ ၇၉၉,၇၀၀ ကျော်နဲ့ တနင်္သာရီမှာ ၅၁၆,၂၄၀ ကျော် ဆိုတော့ နေရပ်ရင်းက စွန့်ခွာ ထွက်ပြေးနေရတဲ့ အခြေအနေရှိတယ်နော်။ တစ်ပတ်ထဲမှာပဲ ကရင်မှာ ၂,၅၀၀၊ မွန်မှာ ၁,၂၀၀ နဲ့ တနင်္သာ ရီမှာ ၂,၁၀၀ တိုးလာတာကို အတည်ပြုနိုင်ခဲ့တာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်ပါတယ် ဟု ပြောသည်။

ထိုအရေအတွက်သည် မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း HURFOM က လက်လှမ်းမှီးသလောက် ကောက် ယူထားသည့် အရေအတွက်များသာဖြစ်ပြီး မြေပြင်တွင် ယခုအရေအတွက်ထက် ပိုများနိုင်သည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာအပြင် မိုးကာ၊ သန့်ရှင်းသည့် သောက်သုံးရေနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေး ပစ္စည်းများ လိုအပ်နေသည့်အပြင် စခန်းများ၌ ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ကူးစက်ဖြစ်ပွားနေ သဖြင့် ဆေးဝါးနှင့် ခြင်ထောင်များ အရေးပေါ် လိုအပ်လျက်ရှိသည်။

တနင်္သာရီတိုင်းမှ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက မြို့နယ်တိုင်းလိုလိုမှာ စစ်ဘေးရှောင်တွေ ရှိနေတယ်။ ဆေးလိုမယ်။ တာလပတ်၊ မိုးကာ၊ ရိက္ခာတွေ လိုတာပေါ့။ အခုက ငှက်ဖျားပေါတယ်။ ငှက်ဖျား တော်တော် ထိတယ်။ ဟိုတလောမှာတောင် ငှက်ဖျားကြောင့် ၂ ယောက်၊ ၃ ယောက် သေတယ် ဟု ပြောသည်။

ထို့ပြင် တောတောင်နှင့် ရာဘာခြံများအတွင်း လပေါင်းများစွာ ခိုလှုံနေကြရသည့် စစ်ဘေးရှောင် မိသားစုများ တွင် ကလေးသူငယ်များ၏ ပညာရေးနှင့် ကျန်းမာရေးအတွက် အထူး စိုးရိမ်စရာ ဖြစ်နေသည်။

မိုးရာသီ ကာလဖြစ်သည့်အတွက် ယာယီတဲ shelter မလုံလောက်မှုကြောင့် တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ကူးစက်ဖြစ်ပွားနေသည့်အပြင် ကလေးငယ်များအတွက် အာဟာရပြည့်ဝသည့် စားနပ်ရိက္ခာများနှင့် အခြေခံ ပညာသင်ကြားနိုင်ရေးအတွက်ပါ အခက်အခဲပေါင်းများစွာ ကြုံတွေ့နေကြရသည်။

တစ်ဖက်တွင်လည်း စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုများအတွင်း ကျေးရွာများအနီး မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ခြင်းနှင့် ဆက်သွယ်ရေး လိုင်းများ ဖြတ်တောက်ထားခြင်းတို့ကြောင့် ကူညီရေးအဖွဲ့များအနေဖြင့် စစ်ဘေးရှောင်များထံ အချိန်မီ သတင်းအချက်အလက် ပေးပို့နိုင်ရေးနှင့် ရိက္ခာဝေငှနိုင်ရေးအတွက် ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

ကူညီရေးအဖွဲ့များအနေဖြင့် စစ်ဘေးရှောင်များထံ သွားရောက် ကူညီရာ၌ စစ်အုပ်စုတပ်၏ လမ်းပိတ်ဆို့မှုများ၊ စစ်ဆေးရေးဂိတ်များ၊ လေကြောင်းနှောင့်ယှက်မှုများနှင့် ဆက်သွယ်ရေး ပြတ်တောက်မှုများကြောင့် အကူအညီ များ ပေးပို့ရန် ခက်ခဲနေကြသည်။

ထိုအခြေအနေနှင့် ပတ်သက်၍ HURFOM မှ နိုင်အဲမွန်က အဓိက အခက်အခဲက သွားရေးလာရေး အခက်အခဲ တွေ ရှိတယ်။ လမ်းပိတ်တာတို့၊ Check point တိုးတာတို့ပေါ့နော်။ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တဲ့ကိစ္စ၊ နောက်တစ်ခါ ဒရုန်းတို့ လန်းမိုင်းစစ်ကြောင်းတွေ၊ ဆက်သွယ်ရေး ပြတ်တောက်တာတွေကြောင့် relief team တွေ သွားရေးလာရေး ခက်လာတာတွေ ရှိတယ်။ ညဘက်ပဲ သွားရတာတွေရှိတယ်။ တစ်ဖက်မှာလည်း Funding တွေ လျှော့လာတယ်။ အကူအညီတွေက ကစဉ့်ကလျား ဖြစ်နေရတယ် ဟု ဆက်ပြောသည်။

စစ်အုပ်စုတပ်သည် ၎င်းတို့ ဆုံးရှုံးလိုက်ရသည့် နယ်မြေများ၊ နယ်စပ်ကုန်သွယ်ရေးနှင့် မဟာဗျူဟာကျသည့် နေရာများကို ပြန်လည်ရယူရန် မြေပြင် ထိုးစစ်များအပြင် လေကြောင်းမှပါ အပြင်းအထန် တိုက်ခိုက်နေသဖြင့် ဒေသခံများ၏ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်များမှာ ပိုမို ကြီးမားလာလျက်ရှိသည်။

(ဓာတ်ပုံ – ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့)