ကျောက်မဲတွင် ရွှေဆိုင် ဓါးပြတိုက်ခံရပြီး လူ ၂ ဦး သေနတ်ထိမှန်

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ဈေးကြီးတောင်ဘက် တိုက်တန်းရှိ “ရွှေမိုး” ရတနာရွှေဆိုင် စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် ဓါးပြတိုက်ခံရပြီး ဆိုင်ရှင် အပါအဝင် လူ ၂ ဦး သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဈေးသည်များက ပြောသည်။

ဆိုင်ရှင်ဖြစ်သူသည် ယနေ့၊ နံနက် ၈ နာရီခန့်တွင် ဆိုင်ဖွင့်ရန် လာရောက်စဉ် ကြိုတင်စောင့်ဆိုင်းနေသည့် အမည် မသိ လက်နက်ကိုင် ၃ ဦးက ပစ္စတိုသေနတ်ဖြင့် ခြိမ်းခြောက် လုယက်သွားခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်တွင် ဆိုင်ရှင်က ပြန်လည်ခုခံသဖြင့် ဓါးပြများက ပစ်ခတ်ခဲ့ရာ ဆိုင်ရှင်၏ လက်မောင်း၌ သေနတ် ဒဏ်ရာ ရရှိခဲ့သည်။

ထို့နောက် ဆိုင်ရှင်၏ အကူအညီတောင်း အော်ဟစ်သံကြောင့် လိုက်လံတားဆီးသည့် စည်ပင်ဝန်ထမ်း တစ်ဦးကို လည်း ဓါးပြများက ထပ်မံပစ်ခတ်ခဲ့သဖြင့် ၎င်း၏ ခြေထောက်တွင် သေနတ်ကျည် ထိမှန်သွားခဲ့သည်။

နီးစပ်သည့် ဈေးသည် အမျိုးသမီးတစ်ဦးက အိုး အကုန်ပါသွားတာ အထုပ်လိုက်။ ဆိုင်မခင်းရသေးလို့ အကုန် လုံး အထုပ်လိုက်ပါသွားတာ။ ကျောက်မဲမှာက ဓါးပြတိုက်တာ မဆန်းတော့ဘူး။ အခုလည်း မိမမိ မသေချာဘူး ဟု ပြောသည်။

ဓါးပြလုယက်သူများသည် ဆိုင်မခင်းရသေးသည့် ရွှေထည်ပစ္စည်းများ အားလုံးကို ယူဆောင်သွားခဲ့ကြပြီး ကာလ ပေါက်ဈေးအရ ကျပ်သိန်းပေါင်းများစွာ တန်ဖိုးရှိကြောင်း နီးစပ်သူများက ပြောသည်။

ထို့ပြင် ဖြစ်စဉ်အတွင်း အကူအညီပေးနေသည့် အမျိုးသမီးတစ်ဦးက ပစ္စတိုနဲ့ ကောင်လေး ၃ ယောက်လာတာ။ အရပ်ဝတ်နဲ့ပဲ။ KBZ နဲ့ မျက်စောင်းထိုးလေးပဲဆိုတော့ CCTV ကနေ စုံစမ်းနေတုန်းပါ။ CCTV ရှိသမျှ လိုက်နေ ပါတယ် ဟု ပြောသည်။

သေနတ်ထိမှန် ဒဏ်ရာရရှိသူ ၂ ဦးကို ကျောက်မဲဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးထားပြီး ဒဏ်ရာပြင်းထန်သော် လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ဆိုသည်။

ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလက ကမ္ဘောဇဘဏ် ဓါးပြတိုက်ခံရသည့် ဖြစ်စဉ် အပါအဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပျမ်းမျှတစ်နှစ်လျှင် ဓါးပြမှု ၄ ကြိမ်ခန့် ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ကျောက်မဲမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် စစ်အုပ်စုက ပြန်လည် ထိန်းချုပ်ထားသည့် မြို့ဖြစ်သည်။

ဓာတ်ပုံ – ပေးပို့ (CJ)