အမေရိကန် ရေတပ်သား ၅,၀၀၀ ကျော် ဖူးကက်သို့ အပန်းဖြေလာရောက်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်။
အမေရိကန် ရေတပ်၏ စစ်သင်္ဘော နှစ်စီးဖြစ်သည့် USS George H.W. Bush နှင့် USS Delbert D. Black တို့သည် တပ်ဖွဲ့ဝင် ၅,၁၀၀ ကျော်နှင့်အတူ လာမည့် အောက်တိုဘာ ၅ ရက်မှ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ဖူးကက် Phukhet ရေနက်ဆိပ်ကမ်းသို့ လာရောက် ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြပါရှိသည်။
အဆိုပါ စစ်သင်္ဘောများအနက် လေယာဉ်တင်သင်္ဘော USS George H.W. Bush (CVN-77) တွင် တပ်ဖွဲ့ဝင် ၄,၈၀၀ ခန့်နှင့် ဒုံးကျည်တင် စဖျက်သင်္ဘော USS Delbert D. Black (DDG-119) တွင် တပ်ဖွဲ့ဝင် ၃၂၀ ခန့် ပါဝင်မည်ဖြစ်သည်။
လာရောက်မည့် အမေရိကန် စစ်သည်များ၏ လုံခြုံရေး၊ မြေပြင် တရားဥပဒေ စိုးမိုးရေးနှင့် ထိုင်းနိုင်ငံ၏ ဒေသတွင်း ဥပဒေများအား စနစ်တကျ လိုက်နာဆောင်ရွက်ရေးတို့အတွက် ထိုင်းရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ တာဝန်ရှိသူများ (Force Protection Detachment) တို့သည် စက်တင်ဘာ ၂၉ ရက်နေ့က ဖူးကက်ပြည်နယ် ပါတောင်း ရဲစခန်းတွင် အရေးပေါ် တွေ့ဆုံ ညှိနှိုင်းခဲ့ကြသည်။
စက်တင်ဘာလ ဆန်းပိုင်းကလည်း အီရန် စစ်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် USS Abraham Lincoln နှင့် အခြား သင်္ဘောများမှ ရေတပ်သား ၅,၀၀၀ ကျော်တို့ ထိုင်းနိုင်ငံ ပတ္တယား ကမ်းခြေတွင် အနားယူ အပန်းဖြေ လာရောက်ခဲ့ကြသေးသည်။