အမေရိကန်၌ ဆေးထိုးကွပ်မျက်ရန် နှစ်ကြိမ်ကြိုးစားသော်လည်း မအောင်မြင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်။

အမေရိကန်ပြည်ထောင်စု၊ တန်နက်ဆီပြည်နယ်တွင် သေဒဏ်ကျခံနေရသည့် အမျိုးသမီးအကျဉ်းသားတစ်ဦးအား ဆေးထိုးကွပ်မျက်ရန် နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ဘဲ အသက်ရှင်ကျန်ရစ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ က ကျောင်းနေဖက်အား သတ်ဖြတ်မှုဖြင့် သေဒဏ်ကျခံနေရသူ ခရစ်စတာ ပိုက်ခ် (Christa Pike) ဆိုသူ အမျိုးသမီးအား အကြောဆေးပိုက်သွင်း၍ သေဒဏ်စီရင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ယင်းစီရင်မှုသည် တန်နက်ဆီပြည်နယ်အတွင်း နှစ်ပေါင်း ၂၀၀ ကာလအတွင်း ပထမဆုံး အမျိုးသမီးသေဒဏ် စီရင်မှုလည်း ဖြစ်သည်။

အကြောဆေးပိုက်ထည့်သွင်း၍ သေဒဏ်စီရင်မှု မအောင်မြင်ခဲ့သည့်အတွက် ပြည်နယ်အုပ်ချုပ်ရေးမှူး ဘီလ် လီး (Bill Lee) က ပြည်နယ်အတွင်း သေဒဏ်စီရင်မှု အားလုံးကို ခေတ္တဆိုင်းငံ့လိုက်ပြီး သီးခြားစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ အသေးစိတ် စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ပြန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု၌ ၁၉၇၆ ခုနှစ်မှစ၍ စီရင်ခဲ့သော သေဒဏ် ၁,၆၈၃ မှုအနက် ၈၉ ရာခိုင်နှုန်းခန့်ကို ဆေးထိုးကွပ်မျက်သည့် နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း စီရင်မှု၏ ၇ ရာခိုင်နှုန်းခန့်တွင် အကြောဆေးပိုက် ထည့်သွင်းရခက်ခဲခြင်းနှင့် အဆုတ်အတွင်း ရေဝင်ရောက်ကာ ဝေဒနာပြင်းထန်စွာ ခံစားရခြင်းတို့ ဖြစ်ပွားလေ့ရှိရာ၊ အဆိုပါ ဆေးထိုးကွပ်မျက်သည့် နည်းလမ်းသည် နာကျင်မှုမရှိဘဲ လူသားဆန်သည့် နည်းလမ်း ဟုတ်၊ မဟုတ် ဆိုသည့်အပေါ် ဝေဖန်ငြင်းခုံမှုများ တစ်ကျော့ပြန် မြင့်တက်လျက်ရှိသည်။