ရှေ့တန်း ဒဏ်ရာရစစ်သည်ကို ကမ္ဘာ့ပထမဆုံးအဖြစ် ဒရုန်းဖြင့် ကယ်ထုတ်နိုင်ကြောင်း ယူကရိန်းပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။

ရှေ့တန်းစစ်မျက်နှာတွင် ဒဏ်ရာရရှိခဲ့သည့် စစ်သည်တစ်ဦးအား ဒရုန်း အသုံးပြု၍ ဘေးကင်းရာသို့ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီး စစ်ပွဲသမိုင်းတွင် ကမ္ဘာ့ပထမဆုံး ဒရုန်းသုံး လူနာကယ်ဆယ်ရေး ဖြစ်ကြောင်း ယူကရိန်းစစ်တပ်က ထုတ်ပြန်လိုက်သည်။

အဆိုပါ စစ်ဆင်ရေးကို ယူကရိန် အမှတ် (၉၂) သီးခြားတိုက်ခိုက်ရေး တပ်မဟာက ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသတွင် ရုရှားဒရုန်းများ၏ အန္တရာယ်နှင့် မြေမြှုပ်မိုင်းများ ဝိုင်းရံနေခြင်းကြောင့် ပုံမှန် ကုန်းဘက်သွား ကယ်ဆယ်ရေးယာဉ်များဖြင့် သွားရောက်ကယ်ထုတ်ရန် မဖြစ်နိုင်ခဲ့ပေ။

သို့ဖြစ်ပါ၍ တပ်ဖွဲ့ဝင်များသည် နဂိုက ဗုံးကြဲရန် ထုတ်လုပ်ထားသည့် လေးလံသော ပစ္စည်းများ သယ်ဆောင်နိုင်သည့် ဒရုန်းကြီးကို အသုံးပြု၍ ဒဏ်ရာရ စစ်သည်ကို ကြိုးဖြင့် စနစ်တကျ ချည်နှောင်ကာ အနိမ့်ပျံသန်းမှုဖြင့် ဘေးကင်းရာသို့ ကယ်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ကယ်ထုတ်ခံရသည့် စစ်သည်သည် လက်ရှိတွင် ဆေးကုသမှုနှင့် ပြန်လည်သန်စွမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ယခုဖြစ်စဉ်သည် စစ်ပွဲအတွင်း စစ်သည်အင်အား နည်းပါးလာမှုကို ကူညီရန် နည်းပညာကို ထိရောက်စွာ အသုံးပြုလာကြခြင်းကို ပြသနေသည်။

ထို့ပြင် ယူကရိန်အစိုးရသည် အရေးပေါ် ဆေးဝါးများ၊ သွေးနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဆေးရုံများအကြား သယ်ယူပို့ဆောင်ရန်အတွက် ဒရုန်းများကို အသုံးပြုမည့် စမ်းသပ်စီမံကိန်း တစ်ခုကို လည်း မကြာသေးမီက အတည်ပြုထားသည်။