ဧရာဝတီတိုင်း သာပေါင်းနှင့် ရခိုင်ရိုးမအစပ်၌ တိုက်ပွဲပြင်းထန်၊ ဒုတိုင်းမှူး ကိုယ်တိုင် စစ်ဆင်ရေးဆင်းကွပ်ကဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရခိုင်ရိုးမ အစပ်ကျေးရွာများတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်အုပ်စု ဘက်က အဆင့်မြင့် အရာရှိကြီးများ ကိုယ်တိုင် မြေပြင်ဆင်း၍ အနီးကပ် ကွပ်ကဲနေသော်လည်း ထိခိုက်သေဆုံး မှု များပြားနေကြောင်း ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

သာပေါင်းမြို့နယ်အတွင်းရှိ ကြက်သွန်ကွင်း – သဲဖြူ – မကျီးဇင် လမ်းပေါ်ရှိ သာပေါင်းကလေး၊ ကင်ပွန်းချဉ်နှင့် သဲဖြူ စသည့်နေရာများတွင် အောက်တိုဘာလ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ဘက်မှ အရာရှိအချို့ ကျဆုံးမှုများ ရှိခဲ့သည်။

ဧရာဝတီတိုင်း စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “အေအေပူးပေါင်းတပ်က အခု ကြက်သွန် ကွင်း – သဲဖြူ – မကျီးဇင်လမ်းပိုင်းကို ထိုးစစ်လုပ်လာတာ အင်အားများတယ်။ ခမရ (၅၃၄) က ဒုတပ်ရင်းမှူး အပါအဝင် ထိခိုက်သေဆုံးသူ များတယ်လို့ သိရတယ်။ ဧရာဝတီတိုင်း ရိုးမတောင်ခြေကနေတဆင့် ရခိုင်ဘက်ဆီ ထိုးစစ်ဆင်ဖို့ကြိုးစားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အဖြတ်လိုက် တပ်စုတွေကို ရိုးမတောင်ခြေက သာပေါင်း ကလေးကျေးရွာ အနီးဝန်းကျင်မှာ ဖြတ်တိုက်တာ” ဟု ပြောသည်။

သဲဖြူကျေးရွာအနီး တိုက်ပွဲတွင် စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးသူ များပြားခဲ့ပြီး ရုပ်အလောင်း ၃၀ နီးပါးနှင့် လက်နက်ခဲယမ်းများကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းမဟာမိတ်တပ်များက အောက်တိုဘာလ တတိယ ပတ်အတွင်း သိမ်းဆည်းရမိခဲ့သည်။

လက်ရှိတွင် ရေကြည်နှင့် သာပေါင်းမြို့နယ် ရိုးမတောင်တန်းတစ်လျှောက်၌ စစ်အုပ်စုသည် ဂွရိုးမမှတစ်ဆင့် ရခိုင်ပြည် တောင်ပိုင်းသို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး AA နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက် ရှိကာ စစ်အုပ်စုဘက်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများပါ အသုံးပြုနေသည်။

ထို့ပြင် စစ်အုပ်စုသည် ရိုးမတောင်ခြေတစ်လျှောက်ရှိ ကျေးရွာအချို့တွင် ယာယီအထိုင်စခန်းချ၍ ဒေသခံများနှင့် ရခိုင်စစ်ဘေးရှောင်များကို ပေါ်တာဆွဲခြင်း၊ ရိုးမပေါ်တက်ရာတွင် ဓါးစာခံအဖြစ် ခေါ်ဆောင်ခြင်းများ ပြုလုပ်နေ သည်။

ဒေသခံ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “ဘိုးတော်ချောင်းဖျား ဒေသမှာ တိုက်ပွဲတွေ မကြာခဏရှိနေ တယ်။ စစ်တပ်က ထွက်ပြေးလာတာတွေလည်း ရှိပါတယ်။ စခန်းသိမ်းတာတွေ လေကြောင်းပစ်ကူတာတွေ အပြင် ပေါ်တာဆွဲတာတွေ ရှိတယ်။ သူတို့ဘက်က စစ်သားတွေပြောတာ ဒုတိုင်းမှူး ဗိုလ်မှူးကြီး ရဲလင်းအောင် ကိုယ်တိုင် သဲဖြူဒေသအထိ ဆင်းပြီး စစ်ဆင်ရေးကို အနီးကပ် ကွပ်ကဲနေတယ်။ စစ်မှုထမ်းသစ်တွေကိုလည်း ရာထူး တိုးပေးမယ်၊ ရိုးမပေါ် အတင်းတက်ခိုင်းတယ်လို့လည်း ကြားပါတယ်” ဟု ပြောသည်။

စစ်အုပ်စုသည် ရခိုင်ရိုးမတစ်လျှောက် ရေကြည်နှင့် သာပေါင်းမြို့နယ်အတွင်းရှိ ရှေ့တန်းစစ်မျက်နှာများသို့ တပ်မ (၆၆) လက်အောက်ခံ ခလရ (၁) နှင့် ခလရ (၁၁) တပ်ရင်းများကို စေလွှတ်၍ တိုက်ခိုက်လျက်ရှိသည်။

စစ်အုပ်စုသည် အောက်တိုဘာလ ဒုတိယပတ်မှစတင်ကာ စစ်ရေးပြင်ဆင်မှုများနှင့် အင်အားဖြည့်တင်းမှုများ ပြုလုပ်၍ ရခိုင်ပြည်၊ ဂွမြို့နယ်သို့ ဦးတည်ကာ ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးများကို လုပ်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ – (စစ်အုပ်စုတပ်ဖွဲ့ဝင်များ (ပုံဟောင်း) / Crd)