စစ်အုပ်စု ဗုံးကြဲမှုများကြောင့် ရခိုင်လူထု၏ လူမှု စီးပွားဘဝ ထိခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်။

အာရက္ခ (ရခိုင်) ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် တိုက်ပွဲဧရိယာပြင်ပရှိ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးစေရန်နှင့် ကုန်သွယ်စီးဆင်းမှုများကို ဖြတ်တောက်ရန် ရည် ရွယ်ချက်ဖြင့် အရပ်သားနေရာများကို လေကြောင်းဖြင့် စနစ်တကျ ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း ဒေသခံများ က သုံးသပ်ပြောဆိုကြသည်။

နိုဝင်ဘာလ ၁ ရက်နေ့ တစ်ရက်တည်းအတွင်း ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနှင့် ဝီရဌာနီ (ပေါက်တော) မြို့နယ်များအတွင်းသို့ စစ်အုပ်စုက ဂျက်တိုက်လေယာဉ်များနှင့် Y-12 လေယာဉ်များ အသုံးပြုကာ ဆက်တိုက် ဗုံးကြဲခဲ့ခြင်းကြောင့် မွေးကင်းစ ကလေးငယ် တစ်ဦးအပါအဝင် အပြစ်မဲ့ အရပ်သား ၁၂ ဦး သေဆုံးကာ ၃၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း ကျောက်တော်မြို့နယ်ရှိ ဝါးတောင်နှင့် ပန်းဖဲချောင်းရွာ ဆက်သွယ်ရေးတံတား ဗုံးကြဲခံရမှုကြောင့် လမ်းသွားလမ်းလာ ခရီးသွားပြည်သူ ၇ ဦး သေဆုံးခဲ့ရပြီး၊ မြောက်ဦးမြို့နယ်ရှိ ဒေသခံများကို ဆေးကုသပေးနေသည့် ယာယီဆေးခန်းနှင့် သားဖွားဆောင်ကိုပါ Cluster ဗုံးများဖြင့် တိုက်ရိုက် ပစ်မှတ်ထား ဗုံးကြဲခဲ့သောကြောင့် မွေးကင်းစ ကလေးငယ် တစ်ဦးအပါအဝင် ၅ ဦး အသက်ဆုံးရှုံးခဲ့ရသည်။

“အကြမ်းဖက် ဖက်ဆစ် စကမ လေတပ်က ပြည်သူတွေ အဓိက သွားလာနေကြတဲ့ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကြားက ယိုးချောင်းတံတားကို ဗုံးကြဲဖျက်ဆီးသွားတယ်။ အဲဒီတံတားအနီး ဖြတ်သန်းသွား လာနေကြတဲ့ ပြည်သူ ၇ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရလို့ ကနဦးသိရပါတယ်” ဟု စာရေးဆရာ ဝေဟင်အောင် က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြောဆိုထားသည်။

မြေပြင်တွင် စစ်ရေးအရ အသာစီးမရတော့သည့် စစ်အုပ်စုသည် တော်လှန်ရေးအင်အားစုများကို တိုက်ခိုက် မရသည့်အဆုံး ပြည်သူလူထုဘက်သို့ ဦးလှည့်ကာ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လာနေခြင်း ဖြစ်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။

ကျောက်တော်မှ ဒေသခံတစ်ဦးက “မအလ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးယုတ်မာ အကြမ်းဖက် တယ်။ နေ့တိုင်း ရခိုင်လူထုကို သတ်နေတာဗျ။ အေအေတပ်တော်ကို မနိုင်တော့ လူထုဘက်ကို လှည့်လာတာ။ လူ့အခွင့်အရေးချိုးဖောက်တဲ့ မအလတပ် ကျဆုံးပါစေဆိုပြီးပဲ နေ့တိုင်းဆုတောင်းနေရတယ်” ဟု ပြောသည်။

ယခုကဲ့သို့ လမ်းတံတားများနှင့် ဆေးခန်းများကို တိုက်ခိုက်ခြင်းမှာ တိုက်ပွဲဖြစ်ပွားရာ ဒေသများအတွင်း ကုန်သွယ်စီးဆင်းမှုများကို ဖြတ်တောက်ရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများကို အစစအရာရာ ထိခိုက်ပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ထောက်ပြကြသည်။

“စိတ်ဓာတ်ပိုင်းဆိုင်ရာ ဘယ်လောက်ထိ အောက်တန်းကျလဲဆိုတာ သူတို့လုပ်ရပ်ကို ကြည့်ရင် သိတယ်ဗျ။ ရခိုင်ကို ကုန်ပစ္စည်းပြတ်လပ်မှု၊ ကုန်သွယ်စီးဆင်းမှုတွေ ပြတ်လပ်သွားအောင်၊ တစ်မြို့နဲ့တစ်မြို့ လူမှုစီးပွား ဖြန့်မရအောင် လုပ်တဲ့ နည်းဗျူဟာတွေကို သုံးနေတာ” ဟု မြေပြင်တွင် ပရဟိတလုပ်နေသူ ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် သုံးလတာကာလအတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု ၅၈၁ ကြိမ်အထိ ရှိလာခဲ့ပြီး၊ အဲဒီထဲက ၉၆ ရာခိုင်နှုန်းကျော်မှာ အင်တာနက်နှင့် ဆက်သွယ်ရေး ဖြတ်တောက်ခံထားရသည့် ဒေသများတွင်သာ အဓိက ဖြစ်ပွားခဲ့ကြောင်း မြန်မာအင်တာနက်ပရောဂျက် (MIP) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အထူးသဖြင့် ရခိုင်ပြည်တွင် လေကြောင်းတိုက်ခိုက်မှု ၁၅၁ ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး နိုင်ငံတစ်ဝန်း အရပ်သား အနည်းဆုံး ၃၅၃ ဦး သေဆုံးခဲ့ရကာ ဆက်သွယ်ရေး အခက်အခဲများကြောင့် မြေပြင် အချက်အလက် များမှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း သတိပေးထားသည်။

လက်ရှိတွင် စစ်အုပ်စုဘက်က လေကြောင်းအင်အား အသုံးပြုမှုကို တိုးမြှင့်လာနေပြီး နယ်မြေစိုးမိုးရေးအတွက် အင်တာနက် ဖြတ်တောက်ခံထားရသည့် ဒေသများအတွင်းရှိ အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထား ကာ လူမှုစီးပွားဘဝများကိုပါ ဖြတ်တောက်တိုက်ခိုက်နေမှုများကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

ဓာတ်ပုံ – အာရက္ခတပ်တော်