ဒေဝါလီ ပွဲ ဗျောက်အိုးများကြောင့် ဒေလီမြို့ လေထုညစ်ညမ်းမှု အခြေအနေ စံချိန်တင် ဆိုးရွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်။
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် ဒီဝါလီ (Diwali) မီးထွန်းပွဲတော် ဆင်နွှဲစဉ်အတွင်း တရားရုံး၏ တားမြစ်မိန့်ကို ချိုးဖောက်၍ မီးရှူးမီးပန်းများ တရားမဝင် ပစ်ဖောက်ခဲ့ကြသဖြင့် လေထုအရည်အသွေး စံချိန်တင် အလွန်ဆိုးရွားသည့် အဆင့်သို့ ကျဆင်းသွားခဲ့သည်။
အိန္ဒိယ တရားရုံးချုပ်က လေထုညစ်ညမ်းမှု နည်းပါးသည့် မီးရှူးမီးပန်းများကိုသာ သတ်မှတ်ချိန်အတွင်း ပစ်ဖောက်ရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း မြို့တော် ဒေလီနှင့် မွန်ဘိုင်းမြို့တို့တွင် ညနက်ပိုင်းအထိ မီးရှူးမီးပန်း ပစ်ဖောက်မှုများ ပြုလုပ်ခဲ့ကြသည်။
နိုဝင်ဘာလ ၉ ရက် တနင်္လာနေ့ နံနက်ပိုင်း တိုင်းတာချက်များအရ ဒေလီမြို့၏ လေထုအရည်အသွေး ညွှန်းကိန်း (AQI) မှာ ‘အလွန်ဆိုးရွားသည့် အဆင့်’ သို့ ရောက်ရှိသွားခဲ့သည်။
ကမ္ဘာ့လေထုအရည်အသွေး စောင့်ကြည့်ရေးအဖွဲ့ (IQAir) ၏ တိုက်ရိုက် ထုတ်ပြန်ချက်များအရ ဒေလီမြို့သည် ကမ္ဘာပေါ်တွင် တတိယမြောက် လေထုအညစ်ညမ်းဆုံး မြို့ဖြစ်လာခဲ့ပြီး ပါကစ္စတန်နိုင်ငံ လာဟိုးမြို့က လေထုညစ်ညမ်းမှု အမြင့်မားဆုံးအဖြစ် ပထမနေရာတွင် ရပ်တည်နေသည်။
ဆောင်းရာသီ ရောက်ရှိလာချိန်တွင် မော်တော်ယာဉ် အိတ်ဇောခိုးများ၊ ဆောက်လုပ်ရေး ဖုန်မှုန့်များနှင့် စိုက်ပျိုးရေး ကောက်ရိုးပြတ် မီးရှို့မှုများကြောင့် မီးခိုးငွေ့များသည် အေးစက်သော လေထုအတွင်း ပိတ်မိနေလေ့ ရှိရာ ယခုကဲ့သို့ မီးရှူးမီးပန်းများ ထပ်မံ ပစ်ဖောက်ခဲ့သဖြင့် လေထုညစ်ညမ်းမှု အခြေအနေ ပိုမို ပြင်းထန်လာရခြင်းဖြစ်သည်။