အင်ဒိုနီးရှား ဒုတိယသမ္မတ ရာထူးမှ နုတ်ထွက်လိုကြောင်း သမ္မတထံ အသိပေး တင်ပြ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်။
၏အင်ဒိုနီးရှားနိုင်ငံ ဒုတိယသမ္မတ ဂီဘရန် ရာကာဘူမင် ရာကာ (Gibran Rakabuming Raka) သည် ပြီးခဲ့သည့် အင်္ဂါနေ့က သမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) နှင့် တွေ့ဆုံစဉ် ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက်လိုသည့်ဆန္ဒရှိကြောင်း တင်ပြခဲ့သည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များအား အတည်ပြု ပြောကြားခဲ့သည်။
ယင်းသို့ နုတ်ထွက်ရန် ကမ်းလှမ်းမှုသည် ဒုသမ္မတ၏ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စဉ်က တင်ပြခဲ့သော ပညာရေးဆိုင်ရာ အထောက်အထားများနှင့် ပတ်သက်၍ လွှတ်တော်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် သမ္မတ ပရာဘိုဝိုနှင့် နိုင်ငံရေးအရ ဩဇာကြီးမားသော သမ္မတဟောင်း ဂျိုကိုဝီ ဒိုဒို (Jokowi) တို့အကြား ဆက်ဆံရေး တင်းမာလာချိန်တွင် ယခုကဲ့သို့ ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။
ဒုသမ္မတ ဂီဘရန်သည် သမ္မတဟောင်း ဂျိုကိုဝီ၏ သားအကြီးဆုံးဖြစ်ပြီး၊ လက်ရှိသမ္မတ ပရာဘိုဝိုအား ၂၀၂၄ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် များစွာ အထောက်အကူပြုခဲ့သူဖြစ်သည်။
အင်္ဂါနေ့ နှောင်းပိုင်းတွင် ဒုသမ္မတက သတင်းထောက်များအား ပြောကြားရာ၌ သမ္မတ ပရာဘိုဝိုက ၎င်း၏ အရည်အချင်းများကို သက်သေပြနိုင်ရန်အတွက် ဆက်လက် တိုက်ပွဲဝင်ရန် အကြံပြုခဲ့ပြီး၊ ဆက်လက်၍ ရင်ဆိုင်သွားရန် တိုက်တွန်းခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။