မြစ်ရေညစ်ညမ်းမှုကို မြန်မာဘက်မှ ထိန်းသိမ်းပေးရန် မြန်မာနှင့် တရုတ်ကို ထိုင်း တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။

မြန်မာနိုင်ငံဘက်မှ သတ္တုတူးဖော်ရေး စွန့်ပစ်ပစ္စည်းများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းရှိ မြစ်ရေများ ညစ်ညမ်းနေသည့်အပေါ် ထိန်းသိမ်းပေးရန် ထိုင်းအစိုးရက မြန်မာနှင့် တရုတ်နိုင်ငံတို့ကို တောင်းဆိုလိုက်သည်။

တနင်္ဂနွေနေ့က ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ချနန် ဝေါင်ဆာဝပ် (Yodchanan Wongsawat) သည် မြန်မာနယ်စပ် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်ရှိ မယ်ဆိုင်ချောင်း ချစ်ကြည်ရေးတံတားသို့ သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ချောင်းရေများ နီညိုရောင်သမ်း၍ နောက်ကျိနေသည်ကို တွေ့ရှိခဲ့ရပြီး သတ္တုတူးဖော်ရေး စွန့်ပစ်ပစ္စည်းများအတွင်း အဆိပ်အတောက်ဖြစ်စေသည့် အာဆင်းနစ် (Arsenic) ဓာတ်များ ပါဝင်နေကြောင်း ဒုတိယဝန်ကြီးချုပ်က ပြောကြားသည်။

ထို့ကြောင့် စွန့်ပစ်ရေများ နယ်စပ်ဖြတ်ကျော်၍ ထိုင်းဘက်သို့ စီးမဝင်လာစေရန် မြန်မာဘက်အခြမ်းရှိ သတ္တုတွင်းများတွင် ရေထိန်းတမံငယ်များ ဆောက်လုပ်ပေးရေး ထိုင်းဘက်က တွန်းအားပေးသွားမည်ဟု ဆိုသည်။

သိပ္ပံနှင့် သုတေသနဝန်ကြီးလည်းဖြစ်သူ ဒုတိယဝန်ကြီးချုပ် ယော့ချနန် က မြစ်ရေညစ်ညမ်းမှုနှင့် စွန့်ပစ်ရေထွက်ရှိရာ အရင်းအမြစ်ကို သိပ္ပံနည်းကျ စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ပြီး တရုတ်သိပ္ပံပညာရှင်များကိုပါ ပူးတွဲစစ်ဆေးရန် ဖိတ်ခေါ်သွားမည်ဟု ပြောသည်။

သို့မှသာ တရုတ်အာဏာပိုင်များအနေဖြင့် ပြဿနာကို သိရှိပြီး တာဝန်ရှိသည့် သတ္တုတူးဖော်ရေး ကုမ္ပဏီများနှင့် ဆွေးနွေးဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ် ကလည်း ထိုင်းမြောက်ပိုင်း မြစ်ရေညစ်ညမ်းမှု ပြဿနာကို တရုတ်ဝန်ကြီးချုပ် လီချန်း နှင့် ဆွေးနွေးထားပြီးဖြစ်သကဲ့သို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံသို့ သွားရောက်စဉ်က မြစ်အောက်ပိုင်းရှိ ထိုင်းနိုင်ငံ ထိခိုက်နစ်နာနေရသည့်အကြောင်း အသိပေးပြောကြားထားပြီး ဖြစ်သည်။