HIV ကာကွယ်ဆေးသစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆေးခန်း ၉ ခုတွင် စတင်ထိုးနှံပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်။

ထိုင်းနိုင်ငံသည် HIV ရောဂါပိုး ကူးစက်မှုကို ကာကွယ်ပေးနိုင်ပြီး တစ်နှစ်လျှင် နှစ်ကြိမ်သာ ထိုးနှံရသည့် Lenacapavir ဆေးထိုးဝန်ဆောင်မှုကို နိုဝင်ဘာ ၂၅ ရက် (ဗုဒ္ဓဟူးနေ့) က ဘန်ကောက်မြို့ရှိ ဆေးရုံနှင့် ဆေးခန်း ၉ ခုတွင် စတင်လိုက်ပြီ ဖြစ်သည်။

ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund) ၏ ပံ့ပိုးမှုဖြင့် ပထမအသုတ်အဖြစ် ဆေးအလုံးရေ ၂,၄၀၀ ရောက်ရှိလာခြင်းဖြစ်ပြီး လူဦးရေ ၂,၄၀၀ အတွက် ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း HIV သုတေသနနှင့် ဆန်းသစ်တီထွင်မှု အင်စတီကျုမှ ဆရာဝန်နှင့် သုတေသီ ဒေါက်တာ ဂျက်ကရာပတ် ဘွန်ရွမ်က ပြောကြားသည်။

အဆိုပါဆေးသည် နေ့စဉ် သောက်သုံးရသည့် ရောဂါကာကွယ်ဆေး (PrEP) နေရာတွင် အစားထိုး အသုံးပြုနိုင်မည် ဖြစ်သည်။

အရေပြားအောက်ရှိ အဆီလွှာအတွင်းသို့ ၆ လလျှင် တစ်ကြိမ်နှုန်းဖြင့် တစ်ကြိမ်လျှင် ဆေးတစ်လုံး ထိုးနှံရမည်ဖြစ်ပြီး ဆရာဝန် သို့မဟုတ် လေ့ကျင့်သင်ကြားထားသည့် သူနာပြုများက ထိုးနှံပေးနိုင်သည်။

ရောဂါကူးစက်မှုမှ ကာကွယ်နိုင်စွမ်း ၉၆ ရာခိုင်နှုန်းကျော် ရှိသည့် အဆိုပါဆေးကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ၂၀၂၅ ခုနှစ် ဇွန်လတွင် ခွင့်ပြုချက် ပေးခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသည်လည်း ယင်းဆေးသုတေသန လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည်။

လက်ရှိ ဆေးထိုးနှံပေးနေသည့် နေရာ ၉ ခုမှာ Siriraj Hospital၊ King Chulalongkorn Memorial Hospital  the Bamrasnaradura Infectious Diseases Institute၊ the Thai Red Cross Anonymous Clinic၊ the Bangrak Medical Centre၊ HIV-NAT၊ the Institute of HIV Research and Innovation၊ the Rainbow Sky Association of Thailand နှင့် SWING အဖွဲ့ တို့ဖြစ်သည်။

နေ့စဉ်သောက်ဆေးများသည် ထိရောက်မှုရှိသော်လည်း ဆေးသောက်ရန် မေ့လျော့တတ်ခြင်းနှင့် ဆေးဘူးများကို လျှို့ဝှက်သိမ်းဆည်းရန် ခက်ခဲခြင်းတို့ ရှိသည်။

တစ်နှစ်လျှင် နှစ်ကြိမ်သာ ထိုးရသည့် အဆိုပါဆေးကြောင့် ယင်းအခက်အခဲများအပြင် လူမှုပတ်ဝန်းကျင်၏ ခွဲခြားနှိမ့်ချမှုများကိုပါ လျှော့ချနိုင်မည် ဖြစ်သည်။

သို့သော် ဆေးဝါးဈေးနှုန်းမှာ အဓိက အခက်အခဲ ဖြစ်နေသည်။ Lenacapavir ဆေးကို စတင်မိတ်ဆက်စဉ်က လူတစ်ဦးလျှင် တစ်နှစ်စာ ထိုင်းဘတ်ငွေ ၁ ဒသမ ၄ သန်းခန့် ကျသင့်ခဲ့သော်လည်း ကုလသမဂ္ဂ HIV/AIDS ဆိုင်ရာ အစီအစဉ် (UNAIDS) နှင့် မိတ်ဖက်အဖွဲ့အစည်းများက တစ်ဦးလျှင် တစ်နှစ်စာ ဘတ် ၁,၃၀၀ ဝန်းကျင်ဖြင့် မျိုးတူဆေးဝါး (Generic) များ ထုတ်လုပ်နိုင်ရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။

လာမည့် ၂၀၂၇ ခုနှစ်တွင် မျိုးတူဆေးဝါး ထုတ်လုပ်မှု ကျယ်ပြန့်လာမည်ဟု မျှော်လင့်ထားပြီး ထိုင်းနိုင်ငံအနေဖြင့်လည်း ပထမအသုတ် ဆေးထိုးထားသူများ၏ နောက်တစ်ကြိမ် ထိုးနှံမှု၊ လူသစ်များ ထပ်မံလက်ခံမှုနှင့် ဘန်ကောက်ပြင်ပ ဒေသများသို့ ဖြန့်ဝေနိုင်မှုတို့အတွက် ဆေးအရေအတွက် ပိုမိုရရှိရန် မျှော်မှန်းထားသည်။

ထိုင်းနိုင်ငံတွင် နှစ်စဉ် HIV ပိုး ကူးစက်ခံရသူ အသစ် ၈,၀၀၀ မှ ၉,၀၀၀ ကြား ရှိနေပြီး လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နှစ်လျှင် ကူးစက်သူ ၁,၀၀၀ အောက်သို့ လျှော့ချရန် ရည်မှန်းထားသည်။

ထို့အပြင် ထိုင်းနိုင်ငံအတွင်း လူဦးရေ ၅၀,၀၀၀ ခန့်သည် မိမိတို့တွင် HIV ပိုး ရှိနေမှန်း မသိရှိဘဲ နေထိုင်လျက်ရှိသည်။