RCSS နှင့် TNLA တို့ ပဋ္ဋိပက္ခပြေလည်ရေး ဆွေးနွေး

သတင်းနှင့်မီဒီယာကွန်ရက်။
စက်တင်ဘာလ ၁၃ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ရှမ်းပြည်နယ်၌ ဖြစ်ပွားနေသည့် ပဋ္ဋိပက္ခများ ပြေလည်နိုင်ရေးအတွက် ပထမဆုံးခြေလှမ်းအနေဖြင့် တအာင်း (ပလောင်) အမျိုးသားပါတီ TNP မှ ခေါင်းဆောင်များနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့မှ ခေါင်းဆောင်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၁၂ ရက် နေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။

နှစ်ဖက်ဆွေးနွေးပွဲတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မ တော်တောင်ပိုင်းအဖွဲ့မှ ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်ပြီး တအာင်း(ပလောင်) အမျိုးသားပါတီ TNP ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီ တစ်ဦးဖြစ်သည့် တာလှဖေ မှ ဦးဆောင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ကျနော်တို့ရဲ့ ဦးတည်ချက် ရည်ရွယ်ချက်ကတော့ ကျနော်တို့ ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး ကျနော်တို့ဒေသ ဖွံ့ဖြိုးရေး ကျန်းမာရေး ပညာရေး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးနဲ့ ရေ မီး ရရှိရေးတို့ ကိစ္စတွေကို ကျနော်တို့က အဲ့ဒီ ရည်ရွယ်ချက် ဦးတည်ချက်တွေနဲ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးတာ ဖြစ်ပါတယ်။ ဟု တအာင်း အမျိုးသား ပါတီ TNP ဗဟိုအလုပ်အမှုဆောင်ကော်မတီ တာလှဖေ မှ ပြောသည်။

ဆွေးနွေးပွဲတွင် တအာင်း(ပလောင်) အမျိုးသားပါတီ TNP မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီ တာလှဖေ နှင့်အတူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တာအေးမောင် ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်း (ပလောင်) သံဃာတော်များ ဗဟိုအဖွဲ့မှ ဒုဥက္ကဌ ဦးပညာသီရိ နှင့် အတွင်းရေးမှူး ဦးတိက္ခဉာဏ တို့အပါအဝင် ပလောင်လူငယ်ကိုယ်စားလှယ်များလည် တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်တောင်ပိုင်းတွင်ရှိသည့် ပလောင်ကျေးရွာများတွင် စာသင်ကျောင်းများဖွင့်လှစ်နိုင်ရေး ကိစ္စများဆွေးနွေးခဲ့ကြပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA အဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့များနှင့် ဖြစ်ပွားနေသော ပြသနာများ ဖြေရှင်းနိုင်ရေးကိစ္စများကိုလည်း ဆွေးနွေးနိုင်ခဲ့သည်ဟု တာလှဖေ မှ ပြောသည်။

ကျနော်တို့ရဲ့ ပထမ ခြေလှမ်းက အင်မတန်မှ အားရကျေနပ်စရာ ကောင်းပါတယ်၊ ကျနော်တို့ရဲ့ လက်ရှိ TNP နဲ့ RCSS တွေ့ဆုံဆွေးနွေးပွဲကနေတဆင့် ကျနော်တို့ ရည်မှန်းတာက အခု လက်ရှိ လက်နက်ပဋ္ဋိပက္ခဖြစ်ပွားနေတဲ့ TNLA နဲ့ RCSS ကြားထဲမှာ စစ်ပြေငြိမ်းရမယ် စစ်ရပ် ဆိုင်း ရမယ် အဲ့ဒီလို ကျနော်တို့ရဲ့ ဒေသခံ လူထုတွေက ဒီ ကျွဲနှစ်ကောင်ကြားထဲက မြေစာပင် တွေ ဘဝမျိုး မဖြစ်အောင်၊ IDP စစ်ပြေးဒုက္ခသည်တွေရဲ့ ဦးရေတွေကို လျှော့ချနိုင်အောင် ကျနော် တို့ ထိန်းချူပ်နိုင်အောင် ကြိုးပမ်းသွားနိုင်မည့် ပထမ ခြေလှမ်းလို့ ကျနော်တို့ပြောလို့ရပါတယ်။ RCSS ဖက်က ခေါင်းဆောင်ကြီးများကလည်း တွေ့ဆုံဆွေးနွေးချင်တယ်ဆိုတဲ့ ဆန္ဒသဘော ထားကို ကျနော်တို့ ကြားသိရတဲ့အတွက်ကြောင့် ကျနော်တို့ ဒီ ခရီးစဉ်ကို လာရတဲ့အတွက် အင်မတန်မှ အားရ ကျေနပ်စရာ ကောင်းပါတယ်။ မျှော်လင့်ချက်လည်း ကျနော်တို့ ကြီးကြီး မားမား ထားရှိပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်း တပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းငင်း မှ PSLF/TNLA တပ်ဖွဲ့မှ ခေါင်းဆောင်ကြီးများနှင့် ညှိနှိုင်း ဖြေရှင်းလိုကြောင်းနှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များက ပြောဆိုသည်။

ဒီ အခု ကျနော်တို့ TNLA နဲ့ RCSS ဖြစ်နေတဲ့ ပဋ္ဋိပက္ခဟာ လူမျိုးရေးအသွင်မဆောင်ပါဘူး မြောက်ပိုင်းမှာပဲ ကွက်ကွက်ဖြစ်နေတဲ့ ပဋ္ဋိပက္ခပေါ့နော်၊ ဒါကြောင့်မို့ ဒီ ပဋ္ဋိပက္ခကို ဘယ်လို ဖြေရှင်းမယ် ဆိုတဲ့ဟာကိုပဲ ကျနော်တို့ နည်းလမ်းရှာကြပါတယ်၊ အဲ့တစ်ချက် အရမ်းကို ကောင်းမွန်တဲ့ ရလာဒ်လို့ပဲ ဆိုနိုင်တာပေါ့နော်၊ နှစ်ဦးနှစ်ဖက် တွေ့ဆုံနိုင်အောင်လည်း အထောက်အကူဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒီ TNP အနေနဲ့ တိုက်ရိုက်မဟုတ်ပေ မယ့်လည်းသူက ကြားခံအနေနဲ့ပေါ့နော် လာတဲ့သဘောဆိုတော့ သူတို့ဖက်ကလည်း ဟိုဖက်က ပါးလိုက်တဲ့စကားယူလာတယ်၊ နောက် ဒီညှိနှိုင်းဆွေးနွေးပွဲကနေ ကျနော်တို့ ဖြစ်ချင်တဲ့ ကျနော်တို့ ဆန္ဒတွေ ကျနော်တို့လည်း သူတို့ကနေတဆင့် စကားပါးတာတွေရှိပါတယ်၊ နောက်တချက် ကျနော်တို့ RCSS ဖက်ကလည်း မကြာတဲ့အချိန်အတောအတွင်းမှာ ဒီ TNLA နဲ့ တွေ့ဖို့လည်း အဆင်သင့်ဖြစ်ပါတယ်ဆိုတဲ့အကြောင်း ဆရာ တာလှဖေ ကတဆင့် စကားပါးထားတာ ရှိပါတယ်။

နှစ်ဖက်ညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့မှ ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ်၊ ဒုဥက္ကဌ စိုင်းယီ၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချူပ် ပေါင်ခေး၊ နိုင်ငံရေး အတိုင်ပင်ခံ ပုဂ္ဂိုလ် စပ်ပင်းခမ်း၊ နိုင်ငံရေး အတိုင်ပင်ခံပုဂ္ဂိုလ် စပ်ခွန်းဆိုင်းနှင့် ဗိုလ်မှူးကြီး စိုင်းငင်း တို့ တက်ရောက်ခဲ့သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA အဖွဲ့တို့သည် ရှမ်းပြည်နယ်အတွင်း လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှစ၍ နယ်မြေပြသနာ ကြောင့် နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ခိုက်နေကြစဲဟု သိရသည်။