လူပွဲစားမှတဆင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၈၇ ဦး ထိုင်း မြန်မာနယ်စပ်တွင် ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ယက်။
ဧပြီလ ၃၀ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

ထိုင်းမြန်မာနယ်စပ်မှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သား ၈၇ ဦး နှင့်အတူ ကား ၈ စီးဖြင့် သယ်ဆောင်လာသူ ထိုင်းနိုင်ငံသား ၈ ဦးကို တာ့ခ်ခရိုင် ထဆောင်ယန်းမြို့အနီးရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဧပြီလ ၂၇ ရက်နေ့ ည ၁၀ နာရီအချိန်၌ ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဦးဆောင်ဖမ်းဆီးခဲ့သူ ထိုင်း တပ်မ ၃ လက်အောက်ခံ အမှတ် ၃၆ တပ်ဖွဲ့မှ စစ်တပ်အရာရှိ ပြောပြချက်အရ ဖမ်းဆီးရမိသူများသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်ရန် လူပွဲစားများမှတဆင့် သွားရောက်ပို့ဆောင်မည်ဟု သတင်းရရှိထားသည့်အတွက် စောင့်ဆိုင်းပြီး တားဆီးစစ်ဆေးခဲ့ရာက ယခုလို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ထိုင်း မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ထဆောင်ယန်းမြို့ကနေ အုန်းကွိုင်မြို့နယ် မယ့်တိန် ကျေးရွာအုပ်စုဖက်ကို ခေါ်လာချိန်မှာ ဟွေ့နမ့်ကမ် စစ်ဆေးရေးဂိတ်မှာ တားဆီးစစ်ဆေးခဲ့ရာက ည ၁၀ နာရီမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အားလုံးကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အားလုံး ၈၇ ယောက် လိုက်ပါလာတာ တွေ့ရပါတယ်။ တရားဝင် နေထိုင်ခွင့် လက်မှတ်ရှိသူတွေ တယောက်မှ မတွေ့ရဘူး။ သူတို့ကို ခေါ်လာတဲ့လူ ၈ ဦးကိုလည်း ဖမ်းဆီးရမိပါတယ်။

ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သွားရောက် အလုပ်လုပ် ကိုင်နိုင်ရန် ပို့ဆောင်ခအဖြစ် လူပွဲစားများကို အားလုံးအတွက် ထိုင်းဘတ်ငွေ တစ်သန်းကျော် ခန့် ပေးခဲ့ကြရသည်ဟု ထိုင်းအာဏာပိုင်များကို ပြောဆိုကြောင်း သိရသည်။

မြန်မာနိုင်ငံသားများကို သယ်ဆောင်လာသူ ထိုင်းနိုင်ငံသား ၈ ဦး နှင့် မြန်မာနိုင်ငံသား ၈၇ ဦး အပါအဝင် ဖမ်းဆီးရမိသူ စုစုပေါင်း ၉၅ ဦးကို လက်ရှိ လူဝင်မှု ကြီးကြပ်ရေးသို့ လွဲပြောင်း ပေးအပ်လိုက်ပြီး ထိုင်းနိုင်ငံ၏ ဥပဒေအရ ဆက်လက် အရေးယူသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံသားများ ဖမ်းဆီးခံခဲ့ရသည့် ထဆောင်ယန်းမြို့သည် ထိုင်း မြန်မာ နယ်စပ်ရှိ မဲဆောက်မြို့နှင့် ၁၈၆ ကီလိုမီတာ ( ၃ နာရီခန့်) ကွာဝေးသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့တွင်လည်း အလားတူ လူပွဲစားများမှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် မြန်မာနိုင်ငံသား ၁၄ ဦးကို ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ နယ်စပ်မြို့ဖြစ်သည့် ဆုန်ခလာခရိုင် စဒါအိုမြို့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်။