မြောက်ပိုင်းအဖွဲ့များ ညီလာခံတက်ရောက်နိုင်ရန် အလားအလာနည်းပါး

သတင်းနှင့် မီဒီယာ ကွန်ရက်။
မေလ ၂၁ရက်၊ ၂၀၁၇ ခုနှစ်

မကြာမီ ကျင်းပမည့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ (ခေါ်) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့  မြန်မာပြည် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ အနေဖြင့် တက်ရောက်ရန် အလာအလာနည်းကြောင်း တအာင်း(ပလောင်) အမျိုးသားလွတ် မြောက်ရေး တပ်မတော် (PSLF /TNLA) မှ ပြောသည်။

မြောက်ပိုင်းအဖွဲ့များ ပူးပေါင်း ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိုနှိုင်းရေး ကော်မတီ (FPNCC) အနေဖြင့် မဟုတ်ပဲ တဖွဲ့ချင်း ဖိတ်ကြားခဲ့ပြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့ သုံးဖွဲ့ကိုလည်း ချန်လှပ်ထားခြင်းကြောင့် ညီလာခံ တက်ရောက်ရန် အလားအလာ နည်းသွားခြင်းဖြစ်သည်ဟု ပြောသည်။

“ဒီ ငြိမ်းချမ်းရေး အဖွဲ့ထဲကိုလည်း ကျနော်တို့ ဒီလို ခွဲခြားဖိတ်တော့ ကျနော်တို့က အကုန်လုံးပါဝင်နိုင်ခြင်း မရှိ တော့ ကျနော်ထင်တယ် ကျနော်တို့ ကော်မတီ အနေနဲ့ ကျန်တဲ့အဖွဲ့တွေလည်း တက်ဖို့ ဖြစ်နိုင်မှာ မဟုတ်ပါ ဘူး။ ကျနော်တို့ နားလည်သလောက်တော့ မတက်ပါဘူး။ တကယ်လို့ဖိတ်ခဲ့ရင် ကျနော်တို့ ၇ ဖွဲ့လုံးက တစ်ဖွဲ့ ချင်းစီအနေနဲ့ တက်မှာမဟုတ်ဘူး။ ကော်မတီအနေနဲ့ပဲ တက်မှာပါ။ ဒါတောင်မှ တန်းတူရည်တူ အနေအထား ကျနော်တို့ကို ဖိတ်မှပဲ ကျနော်တို့ တက်မှာပါ။ အခုက အထူးဖိတ်ကြားသူ ဖိတ်တယ်ဆို တော့ ကျနော်ထင် တယ် ကျန်တဲ့အဖွဲ့တွေလည်း  တက်မှာမဟုတ်ပါဘူး။” ဟု တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်မှ ပြောသည်။

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီမှ“ဝ” ပြည်သွေးစည်း ညီညွှတ်ရေးပါတီ UWSP/UWSA အပါအဝင် မြန်မာပြည် မြောက်ပိုင်းရှိ အခြား တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအား အစိုးရမှ ဖိတ်ကြားထားသော်လည်း ရက္ခိုင့် အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော် (ULA/AA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှုအမျိုးသားပါတီ/မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNTJP/ MND AA) နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့ သုံးဖွဲ့ကို ဖိတ်ကြားခြင်း မရှိပါ။

၀ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီပါ အဖွဲ့များသည် တဖွဲ့ချင်းဖိတ်ကြားပါက တက်ရောက်မည်မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအား ညီလာခံသို့ ခွဲခြားဖိတ်ကြားလာသည့်အပေါ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ကြားဝင်ဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း  ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောသည်။

“တရုတ်နိုင်ငံက ဒါ ဒီလိုမဖြစ်သင့်ဘူး။ ဒီထဲမှာ အားလုံးပါဝင်မှပဲ ၂၁ ရာစုပင်လုံ ညီလာခံက အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲ ဖြစ်လိမ့်မယ်။ အားလုံးပါဝင် ပါတ်သက်ဖို့လိုတယ် ဆိုပြီးတော့ သူ့အမြင်လည်း အဲလို ရှိပါတယ်။ ကျနော် ထင်တယ် တရုတ်ကနေလည်း မြန်မာ့တပ်မတော်နဲ့ မြန်မာအစိုးရကိုတော့ တစ်စုံတစ်ရာတော့ သွား ရောက် ညှိနှိုင်းပြီးတော့မှ ဒီကိစ္စကို အားလုံးပါဝင်နိုင်အောင် တစ်စုံတစ်ခုတော့ တရုတ်အနေနဲ့ ကြိုးပမ်း လိမ့် မယ်လို့ ကျနော်မြင်ပါတယ်။ ဒါပေမဲ့ အောင်မြင်တာ မအောင်မြင်တာတော့ စောင့်ကြည့်ရမှာပေါ့။” ဟု ဗိုလ်မှူး ချုပ် တားဘုန်း ကျော်က ဆက်ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အနေဖြင့် ညီလာခံ တက်ရောက်မည့် ကိုယ်စား လှယ်များအား ဖိတ်ကြားသည် ဆိုသော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကိုသာ ဖိတ်ကြား ခွင့်ရှိပြီး လက်မှတ်မရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား အစိုးရမှ တာဝန်ယူ ဖိတ်ကြားသည် ဟု UPDJC အတွင်းရေးမှူး (နိုင်ငံရေးပါတီများအစုအဖွဲ့) မှ စိုင်းကျော်ညွှန့် က ပြောသည်။

“ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်က NCA ထဲမှာ ပါတဲ့လူတွေကိုပဲ ဖိတ်ကြားရတာဖြစ်တယ်။ ပြီးခဲ့တဲ့ UPDJC အ စည်းအဝေးမှာတော့ ဆွေးနွေးတာရှိတယ်ပေါ့ဗျာ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေကို ဘယ်လိုဖိတ်ကြားမယ် ပေါ့ အဲ့လိုဆွေးနွေးတာတော့ ရှိတယ်။ ဒါပေမယ့် လောလောဆယ် အနေနဲ့ကတော့ ဖိတ်ကြားရေး တာဝန်ကို အစိုးရကပဲ တာဝန်ယူတာလေ၊ ကျနော်တို့ကလည်း ဖိတ်ကြားရေး ကော်မတီဆိုပေမယ့် ကျနော်တို့ နိုင်ငံရေး ပါတီဆိုဒ် ကရော၊ EAOs ဘက်ကရော သွားပြီးထိုင်နေတာ မဟုတ်ဘူးဗျ၊  အဲ့လိုဆိုတော့ ဒီအစိုးရရဲ့ ပေါ်လစီ အပေါ်မှာပဲ အများကြီးမူ တည်ပါလိမ့်မယ်။” ဟု စိုင်းကျော်ညွှန် မှ ပြောသည်။

အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအား ဆွေးနွေးပွဲ တက်ရောက်ရန် ယခုကဲ့ သို့ ခွဲခြားဆက်ဆံ ဖိတ်ကြားသည့်အတွက် အနာဂတ် မြန်မာ့နိုင်ငံ၏ ငြိမ်းချမ်းရေး အလားအလာ အတွက် ရှေ့ ဆက်ဖို့ရန် ခက်ခဲနိုင်ပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွား နေနိုင်သည်ဟု ဗိုလ်မှူးချုပ် တားဘုန်းကျော်မှ ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ်  ၂၁ ရာစု ပင်လုံညီလာခံတွင် ယခုဖိတ်ကြားခြင်း မခံရသည့် မြန်မာမြောက်ပိုင်း မှ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့သုံးဖွဲ့အား မြန်မာ့တပ်မတော်မှ လက်နက်ကိုင်လမ်းစဉ်ကို စွန့်သည်ဟု ကြေငြာချက် ထုတ်မှသာ ညီလာခံကို တက်ရောက်ခွင့်ပြုမည်ဟု ပြောဆိုထားခဲ့သည်။