တနိုင်းဒေသ တိုက်ပွဲဖြစ်၊ လက်နက်ကြီးကြောင့် ရွာသားများ ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇွန်လ ၅ ရက်၊ ၂၀၁၇ ခုနှစ်။
တနိုင်းဒေသရှိ ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။
မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(ကေအိုင်အေ) တို့ကြား လတ်တလော ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဇွန်လ ၄ ရက်ညက နှောင်းလုံကောင်ရာ ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက သတင်းနှင့် မီဒီယာ ကွန်ရက်ကို ပြောသည်။
“မနေ့ က ည ၁၂ နာရီလောက် ဆိုလို့ရှိရင် ဒီ နောင်းလုံကောင်ရာကျေးရွာမှာ မိုင်းကျပြီးမှ ရွာသားမိသားစု သုံး ယောက်ပေါ့ ထိခိုက်ဒဏ်ရာ ရပြီးမှ အခု ဆေးရုံတင်ထားရတယ်။ သူတို့က အိမ်ပေါ်မှာ အိပ်နေတယ်လေ ဆို တော့ ခေါင်းရင်းမှာ ကျလာတာ မီးဖိုချောင်နဲ့ အိမ်ကြားမှာ ခေါင်းရင်းမှာ ကျလာတော့ အိမ်အောက်က မိုင်းစ လေးတွေ ထွက်လာပြီးမှ အိမ်ပေါ်မှာ အိပ်နေတဲ့ မိသားစုကို ထိတဲ့သဘော။”
ရွာအတွင်းသို့ လက်နက်ကြီးကျည် လေးလုံး ကျရောက်ခဲ့သော်လည်း တစ်လုံးကသာ ထိခိုက်ဒဏ်ရာ ရစေခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံက ပြောသည်။
ဒဏ်ရာများမှာ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း တနိုင်းဆေးရုံကြီးမှ တပ်မတော်ဆေးရုံသို့ ပြောင်းရွှေ့ကုသနေ ရသည်ဟု ပြောသည်။
“အမေဖြစ်တဲ့သူက ပါးစပ်မှာ ထိသွားတာ အာခေါင်မှာ မိုင်းစလေး ကျန်တာပေါ့နော။ နောက်တစ် ယောက်က ဒီလည်ပင်းနားမှာ ဒီ ပုခုံးနားမှာပေါ့နော ပုခုံးနဲ့ လည်ပင်းစပ်နားမှာ နောက်ပြီးတော့ လက်တွေမှာ ရော နောက်ပြီးတော့ ခြေထောက် ခြေသလုံးအောက်မှာလေ သူတို့ သုံးယောက် စလုံးက အဲလိုမျိုး ဒဏ်ရာ တွေ ဖြစ်ကြတယ်။” ဟု အမည်မဖော်လိုသူ တနိုင်းဒေသခံ တစ်ဦးကပြောသည်။
တိုက်ပွဲများမှာ ဇွန်လ ၃ ရက်နေ့မှ စတင်ဖြစ်ပွားနေခြင်းဖြစ်သည်။
“တိုက်ပွဲကတော့ နေ့ရောညရော ဆက်တိုက်ဖြစ်နေတယ် အခုရော သေနတ်သံတွေ ကြား နေရတယ်”
ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သော လက်နက်ကြီးများမှာ မည်သည့်ဘက်မှ ပစ်မှန်းမသိရကြောင်း ရွာသားများက ပြောသည်။
မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ကချင်လွတ် လပ်ရေး တပ်မတော်(ကေအိုင်အို/ကေအိုင်အေ) ၏ သတင်း နှင့်ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူမှ ပြော သည်။
“ကေအိုင်အေ တပ်ရင်း ၁၄ နယ်မြေဖြစ်နေတဲ့ ဒီတနိုင်းနယ်မြေဖက်မှာ ဇွန်လ ၃ ရက်နေ့ကနေ တိုက်ပွဲ ဖြစ်တာ ရှိပါတယ်။ အဲဒီ တိုက်ပွဲရဲ့ အခြေအနေက ကေအိုင်အေ တပ်ရင်း ၁၄ ရဲ့ ရှေ့ ကာထိန်းပို့စ် ဖြစ်နေတဲ့ ဒီ မိုင်ဆာပို့စ် ဆိုတဲ့ နေရာမှာ တနိုင်း ဒစက ကနေတပ်ရင်းသုံးခုလောက်ထင်တယ် ပေါင်းပြီးမှ တပ်ပေါင်းစုပေါ့ လူအင်အား ၆၀ ကျော်လောက်နဲ့ လာပြီးမှ ဝိုင်းပြီးမှ အလစ်လာပစ်တဲ့ တိုက်ပွဲဖြစ် ပါတယ်။ အဲဒါကြောင့် ခုခံတိုက်ပွဲတွေ ဖြစ်တာ။ မိုင်ဆာပို့စ်နေရာမှာ နောက်ထပ် ဒုတိယနေ့မှာလည်း တိုက်ပွဲ တွေ ပြန်ဖြစ်တယ် အခုတော့ ၃ ရက် လောက်ရှိပြီပေါ့။ အဲမှာ ကြိုကြားကြိုကြားဖြစ်နေတာ”
တနိုင်းမြို့နယ်အတွင်းရှိ ဒေသများတွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် နေရာ၏ နောက်ကျောဖက်ခြမ်းရှိ နမ့်ခမ်း ကျေးရွာမှ လူထုများမှာ တိုက်ပွဲကြောင့် ပိတ်မိနေပြီး တနိုင်းမြို့သို့ စစ်ဘေးရှောင်ရန် ခက်ခဲနေသည်ဟု ဒေသခံ များကပြောသည်။
တနိုင်းမြိုနယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့်အတွက် ဒေသခံများက စိုးရိမ်နေကြသည်။
“တိုက်ပွဲဖြစ်တဲ့အတွက် ကျနော်တို့ကတော့ အများကြီးစိုးရိမ်တာပေါ့။ စိုးရိမ်တာကတော့ ကျနော်တို့ သွားလာ ရေး ခက်ခဲလာမယ်။ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ပြီးမှ ကျနော်တို့ ဒီ စားသုံးကုန်တွေ ဆီတွေ ရော အများကြိး ဂယက်ရိုက် သွားနိုင်တယ်လို့ အဲဒီကြောင့်မို့လို့ ကျနော်တို့ အနေနဲ့ကတော့ တိုက်ပွဲဖြစ်တဲ့ အ ရာကို အမြန်ဆုံး နှစ်ဖက်စလုံးပေါ့နော အမြန်ဆုံး တိုက်ပွဲကို မဖြစ်ခိုင်းစေချင်ဘူးပေါ့နော။ တိုက်ပွဲဖြစ်တော့ ကျ နော်တို့ လူထုတွေ ဒုက္ခရောက်ဖို့ အလားအလာရှိတယ်လို့ အဲလိုပဲ ကျနော်ပြောချင်ပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
မြန်မာ့တပ်မတော်ဘက်မှ ယင်းတိုက်ပွဲများ နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါ။