ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရန် DPN နှင့် PPWT ဆွေးနွေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၁၃ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

NCA အပစ်ရပ် ၈ ဖွဲ့၏ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလုပ်အဖွဲ့ PPWT ကိုယ်စားလှယ်ခေါင်းဆောင်များနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN မှ ခေါင်းဆောင်များ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ အစည်းအဝေး ကျင်းပခဲ့သည်။

အစည်းအဝေးမှာ DPN အဖွဲ့အနေနဲ့ အချက် ၇ ချက်အပေါ်တွင် အဓိကထားပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ ဆွေးနွေးသွားမှာဖြစ်ပြီး အစည်းအဝေး ကျင်းပရခြင်းနှင့် ပတ်သက်၍ အဖွင့်မိန့်ခွန်းတွင် DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် မှ ပြောသည်။

ကျနော်တို့အနေနဲ့ တကယ်ပဲ ဒီ ဖြစ်စဉ်အတွင်းမှာ အရင်တုန်းက ကျနော်တို့ ညှိနှိုင်းဆွေးနွေး ထားပြီးသား ဆောင်ရွက်စရာလုပ်ငန်းတွေကို ခွဲဝေထားပြီးသားကိစ္စရပ်လေးတွေ မပြီးပြတ် သေးတာတွေရှိတယ် မပြီးပြတ်သေးတဲ့ ကိစ္စရပ်တွေကလည်း ကနေ့ကျနော်တို့ သွားနေတဲ့ ဖြစ်စဉ်အတွင်းမှာ အဓိက ကျနော်တို့ အတူတကွ ရပ်တည်ပြီးတော့ ဆုတ်ကိုင်ကြရမည့် အရာတွေလည်း ဖြစ်တဲ့အတွက်ကြောင့်မိုလို့ကျနော်တို့အနေနဲ့ နှစ်ဖက်စလုံးက စိတ်တူကိုယ်တူ သဘောတူညီ လက်ခံနိုင်တဲ့ လုပ်ငန်းစဉ် မူတစ်ရပ် ဖြစ်ဖို့အတွက် အင်မတန်မှ အရေးကြီး တယ်လို့ ကျနော်တို့က ယူဆတဲ့အတွက်ကြောင့်မိုလို့ အခုလို ကျနော်တို့ ဒီအစည်းအဝေးမှာ အတူတကွ ပြန်လည်ပြီးတော့ သုံးသပ်မှုတွေ ပြင်ဆင်မှုတွေ သဘောတူညီမှုတွေ ရယူဖို့အ တွက် ရည်ရွယ်ပြီး ကျနော်တို့ခေါ်ယူကျင်းပရခြင်းဖြစ်ပါတယ်။

နှစ်ရက်ကြာ ကျင်းပမည့် အစည်းအဝေးတွင် မိုင်ဂျာယန် ဆုံးဖြတ်ချက် အကောင်အထည်ဖော်ရန် ဖြစ်သည့် ပင်လုံလက်စွဲ ကိစ္စ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ စာတမ်းကိစ္စများ အပါအဝင် မူဘောင်ပြန်လည်သုံးသပ်မှုမှုနှင့်ပတ်သက်၍ နှစ်ဘက်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်ကိစ္စ၊ JMC ပူးတွဲစောင့်ကြည့်ရေးကိစ္စ TOR များနှင့် UNFC ၏ အချက် ၈ ချက်ကိစ္စများကို ဆွေးနွေးသွား ကြမည်ဟု သိရသည်။

ယခုအစည်းအဝေးမှ ရရှိလာသည့် အချက်များအပေါ်မူတည်၍ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ် အတွက် မဟာဗျူဟာတစ်ရပ် ချမှတ်သွားရန် နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအားလုံး အပါအဝင် နိုင်ငံရေးပါတီများနှင့် EAOs အစည်းအဝေးတစ်ရပ် ခေါ်ယူ ကျင်းပနိုင်ရေးကိစ္စများကိုလည်း ဆွေးနွေးဆုံးဖြတ်သွားကြမည်ဟု သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလုပ် အဖွဲ့ PPWT အဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း မှ ယခုအစည်းအဝေးတွင် ဆွေးနွေးမှု များ၏ တချို့အချက်များကိုသာ ဆွေးနွေးဆုံးဖြတ်နိုင်မှာဖြစ်ပြီး တချို့အချက်များကိုတော့ ထပ်မံ ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်သည်ဟု အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည်သွင်းပြော ဆိုခဲ့သည်။

နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN မှ ခူးဦးရယ် ဦးဆောင်သည့် အဖွဲ့ဝင်ခေါင်းဆောင်များ နှင့် တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလုပ်အဖွဲ့ PPWT အဖွဲ့မှ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သည့် အဖွဲ့ဝင် ကိုယ်စားလှယ်ခေါင်းဆောင်များ၏ ယခုတစ်ကြိမ် တွေ့ဆုံမှုသည် တတိယအကြိမ် ဖြစ်သည်။