ငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN ခေါင်းဆောင်များ တရားဝင်တွေ့ဆုံမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
သြဂုတ်လ ၅ ရက်နေ့၊ ၂၀၁၇ ခုနှစ်။
အစိုးရငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ နှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် DPN အဖွဲ့တို့၏ တတိယအကြိမ် အလွတ်သဘော ညှိနှိုင်းအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ FURAMA Hotel တွင် သြဂုတ်လ ၄ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့မှ တင်ပြထားသည့် အချက် ၈ ချက်၏ ပြေလည်မှုမရရှိသေးသော ကိစ္စများကို ဆွေးနွေးခဲ့ပြီး အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် ဖက်မှ NCA သဘောတူစာချူပ် အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စ များကို အဓိက ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
နှစ်ဖက်ဆွေးနွေးမှုအရ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့နှင့် ဆဌမအကြိမ်မြောက် တရားဝင် ဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် သြဂုတ်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပရန် ခေါင်းဆောင်များက သဘောတူခဲ့ကြသည်ဟု ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့မှ အကြံပေးအရာရှိ ဦးလှမောင်ရွှေ့ က သတင်းထောက်များကို ပြောဆိုသည်။
ကျနော်တို့ဘက်က ပြောလို့ရတာတော့ ဇူလိုင်လ ၂၀ ရက်နေ့က အလွတ်သဘော ဆွေးနွေးပွဲထက်တော့ ကျနော်တို့ အများကြီး ဒီမှာ ညှိနှိုင်းပြီးလို့ရတယ်။ တိုးတက်မှုတွေ အများကြီး ရှိတယ် လာမည့် သြဂုတ်လ ၁၀ ၁၁ အဲ့ နှစ်ရက် မှာ ကျနော်တို့ရန်ကုန်မှာ DPN နဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ၆ ကြိမ်မြောက် ကျနော်တို့ တရားဝင် ဆွေးနွေးတွေ ဆွေးနွေးသွားမယ် ။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ NCA လက်မှတ်ရေးထိုး နိုင်ပြီးတော့ လာမည့် ကျနော်တို့ ညီလာခံမှာ ဒီ DPN UNFC ကအဖွဲ့ဝင်တွေ တက်ရောက်နိုင်ဖို့ အဓိကထားပြီးတော့ ညှိနှိုင်းတဲ့အတွက် ဒီနေ့ ဆွေးနွေးရတာလည်း ကျနော်တို့အတွက်တော့ အားရတယ် ပွင့်ပွင့်လင်းလင်း လည်းပိုရှိတယ် ပိုပြီးတော့လည်း နည်းလမ်းတွေ နီးစပ်လာတယ်လို့ ကျနော်တို့ဖက်က တင်ပြလိုတယ်။
အစည်းအဝေးတွင် အစိုးရငြိမ်းချမ်းရေး ကော်မရှင်မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုု ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ဖြစ်သည့် ၂ နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များအနေဖြင့် NCA လက်မှတ်ရေးထိုးရန် တိုက်တွန်းပြောဆိုခဲ့သည်ဟု အမည်မဖော်လိုသည့် အစည်းအဝေးတက်ရောက်သူတစ်ဦးက ပြောဆိုသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် အဖွဲ့အစည်းများ အနေဖြင့် ယခုအစည်းအဝေးမှ ဆွေးနွေးမှုရလာဒ်များအပေါ် ဆဌမအကြိမ် တရားဝင် အစည်းအဝေးတွင် ထပ်မံညှိနှိုင်းသွားမှာဖြစ်ပြီး အဆိုပြုတင်ပြထားသည့် အချက်များ ခိုင်မာမှု ရရှိလျှင် NCA လက်မှတ်ရေးထိုးကြမှာဖြစ်တယ်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော် မှ ပြောသည်။
အဓိကက ကျွန်တော်တို့ အဆိုပြုထားတဲ့ NCA အဆိုပြုချက် ၈ ချက်နဲ့ ပတ်သက်ပြီး တရား ဝင်ဆွေးနွေးရင် အဆင်ပြေစေဖို့ ရည်ရွယ်ပြီး လုပ်တာဖြစ်တယ်။ အခုက ကျန်နေတဲ့ အပိုင်းတွေ ရှိနေတယ်။ မူဘောင်ပြန်လည် သုံးသပ်တာတို့၊ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည်ရေးယန္တယား (JMC) ကို ခိုင်မာအောင် လုပ်တဲ့အခါမှာ ဘယ်လိုလုပ်သွားမလဲ။ ဒါတွေကို ညှိနှိုင်းဖို့ ကျန်ပါသေးတယ်။ ဒီအချက်တွေက NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှာ လုပ်ရမယ့် အပိုင်းနဲ့ NCA လက်မှတ်မထိုးခင် လုပ်ရမယ့်အပိုင်းတွေ ရှိနေပါတယ်။ အစိုးရက NCA လက်မှတ်မြန်မြန်ထိုးပြီး NCA လမ်းကြောင်းပေါ်ကနေ အတူတကွတွေ့ဆုံဆွေးနွေး မှုမျိုးဖြစ် ချင်တယ်။ အစိုးရအနေနဲ့ NCA ကို အမြန်လက်မှတ်ရေးထိုးဖို့ ဆိုပေမဲ့ ကျွန်တော်တို့ အဆိုပြု ထားတဲ့ အချက် ၈ ချက်ကို ပြေလည်အောင် ညှိနိုင်ဖို့ လိုပါတယ်။ အဲ့ဒီတော့မှ NCA လက်မှတ် ရေးထိုးတဲ့ အဆင့်ကို တက်နိုင်မှာပါ။ ကျွန်တော်တို့ အဆိုပြုချက်က ညှိနှိုင်းသဘောတူညီချက် ရတယ်ဆိုရင် နံပါတ် ၉ အချက်က NCA လက်မှတ်ရေးထိုးဖို့ ဖြစ်တယ်။ အချက် ၈ ချက်က လည်း ဥပဒေကြောင်းက ခိုင်လုံတဲ့ အကျိုးသက်ရောက်မှုရှိတဲ့ အနေအထားသဘောတူညီမှုရမှ NCA လက်မှတ် ထိုးမှာ ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့နှင့် ကျင်းပခဲ့သည့် အစည်းအဝေးတွင် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့မှ အတွင်းရေးမှူး အငြိမ်းစား ဗိုလ်ချူပ်ကြီး ခင်ဇော်ဦး ဦးဆောင်၍ ဦးအောင်ကြည်၊ ဦးအောင်စိုး၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦး နှင့် ဦးကျော်လင်းဦး တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးအပြီးတွင် ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး အငြိမ်းစား ဗိုလ်ချူပ်ကြီး ခင်ဇော်ဦး က အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုဆိုပေမဲ့ အမြင်ချင်းကို တော်တော်လေး ဖလှယ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ နည်းတွေကို စဉ်းစားပြီးတော့မှ ဆောင်ရွက်လာခဲ့ကြတဲ့ အခါမှာ မကြာမီကျင်းပမဲ့ ဆဋ္ဌမအကြိမ် အစည်းအဝေး အောင်မြင်မှုအတွက် များစွာအထောက် အကူပြုမယ်လို့ ယုံကြည်ပါတယ်။ မတွေ့ဆုံခင် ပြန်ပြီးတော့ ဆွေးနွေးရမယ့် အရာတွေနဲ့ ပတ် သက်ပြီး ကျွန်တော်တို့သေးစိတ်ကို စဉ်စားတွေးခေါ်ပြီးမှ အတတ်နိုင်ဆုံး အပေါင်းလက္ခဏာ ဆောင်တဲ့ အဖြေတွေရနိုင်အောင် နည်းလမ်းတွေရှာပါမယ်။ အလားတူပဲ ဆရာခူဦးရယ်တို့ ဘက်ကလည်း အချက်တွေနဲ့ပတ်သက်ပြီး စဉ်းစားဆုံးဖြတ်ခဲ့ဖို့လည်း တိုက်တွန်းလိုပါတယ်။ ဟု ပြောဆိုခဲ့သည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ဦးဆောင်၍ ဒုအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေး၊ ဗိုလ်မှူးကြီး ဆေအွန်၊ ဗိုလ်မှူးကြီး ဟတ်ဟန်၊ ဗိုလ်မှူးကြီး မင်းထွန်း၊ ဒေါ်နာဗစ်ဘွန်၊ ဦးထွန်းဇော် နှင့် ရုံးအဖွဲ့မှူး မိမရာမို တို့ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။