UNFC လက်မှတ်ထိုးရန် အဆင်သင့် မဖြစ်သေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
သြဂုတ်လ ၁၂ ရက်၊ ၂၀၁၇ ခုနှစ်။

ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် အစည်းအဝေး ပြီးဆုံး သွားခဲ့သော်လည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးရန် အဆင်သင့် မဖြစ်သေးပဲ ရှိနေသည်။

(UNFC) မှ ငြိမ်းချမ်းရေး ကော်မရှင် PC ထံ တင်ပြ ဆွေးနွေးထားသည့် အချက် ၉ ချက်အနက် အချက် ၅ မှ ၈ အတွင်း ပါရှိသည့် မူဝါဒပိုင်းဆိုင်ရာနှင့် နည်းပညာ ပိုင်းဆိုင်ရာ ကိစ္စရပ်များအား ဆုံးဖြတ်ချက်ချရာတွင် နှစ်ဖက်ခေါင်းဆောင်များ၏ အဆုံးအဖြတ် ရယူရန် လိုအပ် နေသေးသည့်အတွက် ပြန်လည်တင်ပြပြီးမှ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။

သြဂုတ်လ ၁၁ ရက်နေ့က ညီညွှတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ငြိမ်းချမ်းရေး ကော်မရှင် PC တို့ ရန်ကုန်မြို့ ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တွင် တွေ့ဆုံဆွေးနွေးပွဲအပြီး နှစ်ဖက် ကိုယ်စားလှယ်များမှ သတင်းမီဒီယာသို့ ပြောကြားခဲ့ခြင်းဖြစ် သည်။

“ကျနော်တို့ အဆိုပြုထားတဲ့ ငါး ခြောက် ခုနှစ်ဆိုတာက အဲဒီ နိုင်ငံရေးပိုင်းရော တပ်ပိုင်းဆိုင်ရာရော ချိတ် ဆက် နေပါတယ်။ ဆိုရင် ကျနော်တို့က အသေးစိတ်ကျကျ ပြောမယ်ဆိုလို့ရှိရင် အဲဒီမှာ နှစ်ပိုင်းတွဲနေတယ် ပေါ့နော။ မူဝါဒပိုင်းနဲ့ ကျနော်တို့က နည်းပညာပိုင်းပေါ့။ ပေါ်လစီပိုင်းနဲ့ တက္ကနစ်ကယ်အပိုင်း ကျနော်တို့ နှစ် ပိုင်းတွဲ နေပါတယ်။ ဆိုရင် ကျနော်တို့က ပေါ်လစီပိုင်းမှာ နည်းနည်း မပြတ်နိုင်သေးတဲ့ အနေအထားရှိတယ်။ အထူးသဖြင့် ပြောရမယ်ဆိုလို့ရှိရင် နိုင်ငံတကာပါဝင်မှုနဲ့ ပတ်သက်ပြီးတော့မှ မူဝါဒပိုင်းဆိုင်ရာမှာ နှစ်ဖက် ခေါင်းဆောင်တွေက ဖြတ်ပေးဖို့လိုပါသေးတယ်။ ဆိုရင် တက္ကနစ်ကယ်ပိုင်းကတော့ ကျနော်တို့က DPN နှင့် ငြိမ်းချမ်း ရေးကော်မရှင် အဆင့်ပေါ့နော ဒီ Level မှာတော့ ကျနော်တို့က နည်းနာရှာပြီးတော့မှ ဖြတ်လို့ရ တယ်။ မူဝါပိုင်း ဆိုင်ရာမှာတော့ ကျနော်တို့ ဖြတ်လို့မရဘူး။ မူဝါပိုင်းက နှစ်ဖက်ခေါင်းဆောင်တွေရဲ့ အတည် ပြုချက်နဲ့ ကျနော်တို့ ဆွေးနွေးနေရတာဖြစ်တဲ့အတွက် အဲဒါကြောင့် တစ်ဆင့် နောက်ထပ်တစ်ဆင့် ခံပြီးတော့ မှ သွားဖို့လိုနေတဲ့ အချက် ဖြစ်ပါတယ်” ဟု UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စား လှယ် DPN အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်မှ ပြောသည်။

လက်ရှိ လုပ်ငန်းစဉ်အား အကောင်အထည်ဖော်ရာတွင် အကောင်အထည်ဖော်မှု ယန္တယားနှစ်ပိုင်းရှိကြောင်း၊ နိုင်ငံရေးဆိုင်ရာ UPDJC နှင့် တပ်ပိုင်းဆိုင်ရာ JMC တို့ဖြစ်ကြောင်း၊ နိုင်ငံရေးအပိုင်းနှင့်တပ်ပိုင်းဆိုင်ရာ နှစ်ခုလုံး အား ပြန်ကြည့်သည့်အခါ အင်န်စီအေကို အခြေခံ၍ ဖြစ်လာသည့်အတွက် UNFC အနေဖြင့် အင်န်စီအေကို လက်မှတ်ထိုးပြီးမှသာ ထိုအဆင့်ကို ရောက်ရှိနိုင်မည်ဟု ဦးထွန်းဇော် မှ ဆက်ပြောသည်။

ကျန်ရှိနေသည့်အချက်များမှာ နိုင်ငံရေးပိုင်းတွင် နိုင်ငံရေး မူဘောင် သုံးသပ်မှုအပိုင်းနှင့် တပ်ပိုင်းဆိုင်ရာတွင် JMC ယန္တယား ပိုမိုခိုင်မာအောင် လုပ်ဆောင်ရာတွင် နိုင်ငံတကာပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီး နှစ်ဖက် ထပ်မံ ဆွေးနွေးညှိနှိုင်းရန် ကျန်ရှိနေသေးသည်ဟု DPN မှပြောသည်။

ယခုဆွေးနွေးပွဲ၌ UNFC မှ အဆိုပြုထားသည့် အချက် ၉ ချက်အနက် အချက်လေးချက်ကို အဆုံးအဖြတ်ရ ယူခဲ့ ကြပြီး ကျန်ရှိနေသေးသည့် အချက်များမှာလည်း ယေဘုယျအားဖြင့် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် အနေ အထားတွင် ရှိနေသည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးမှ ပြောသည်။

“ပြောရရင်တော့ တစ်ကနေလေးအထိတော့ ကျနော်တို့ အငြင်းပွားဖွယ်မရှိဘူး။ ရပါတယ်။ ငါးနဲ့ ခြောက်မှာ လည်း နှစ်ဖက်လက်ခံနိုင်တဲ့ အနေအထားတစ်ခုတော့ရှိတယ်။ သို့သော် ကျနော်တို့ PC အဆင့် DPN အဆင့် Decision ချလို့မရဘူး။ လက်ခံနိုင်တဲ့ အနေအထားကို ဟိုဖက်ဒီဖက် ပြန်ပြောရမယ်။ အဲဒါ ပေါ်လစီအပိုင်း ပါတယ်ပေါ့နော။ ပေါ်လစီအပိုင်းပါတဲ့အတွက် ကျနော်တို့က နှစ်ဖက် ပြန်တင်ပြပြီးမှ အဆုံးအဖြတ်ပေးနိုင်မယ် အခုသူတို့ DPN နဲ့ PC မှာ ဆုံးဖြတ်နိုင်တဲ့ကိစ္စတွေ မဟုတ်ဘူး။ ဒါပေမယ့် လက်ခံနိုင်တဲ့ အနေအထားတွေ တော့ နှစ်ဦးနှစ်ဖက် အဆိုပြုချက်တွေတော့ရှိတယ်။ တစ်ကနေလေးကတော့ ညှိစရာမလိုဘူး။ ငါး ခြောက် ခုနှစ် ရှစ်ကတော့ ယေဘုယျအားဖြင့်တော့ လက်ခံနိုင်တယ် သို့သော် လက်ခံနိုင်တယ်လို့ Decision ပေးခွင့် မရှိတဲ့ ကိစ္စဖြစ်တယ်” ဟုပြောသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တိုင်းအား ကြည့်မည်ဆိုပါက အနိမ့်အမြင့်ရှိကြောင်း၊ မူလသဘောတူထားသည့် အကြောင်း အရာများမှာ အဆုံးအဖြတ်ပေးမည့် အကြီးအကဲများထံသို့ ရောက်ရှိသည့်အခါတွင် အကြောင်းအရာများ ထပ်မံ တိုးလာသည့်အတွက် အသစ်ကနေ ပြန်စရသည့် အနေအထားများရှိကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ကြည့်မည်ဆိုပါက ယခုကဲ့သို့ ဖြစ်လေ့ဖြစ်ထရှိကြောင်း၊ သို့သော် နှစ်ဖက်နားလည်မှုဖြင့် ဆက်လက်ဆွေးနွေး ပြီး ဆွေးနွေးပွဲလမ်းကြောင်းပျောက်မသွားရန် သဘောတူညီချက်များ ဆက်ရှိနေရန် အရေးကြီးသည်ဟု ဦးဇော်ဌေးမှ ဆက်ပြောသည်။

ညီညွှတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ငြိမ်းချမ်းရေး ကော်မရှင် PC တို့၏ သတ္တမအကြိမ် အစည်းအဝေးအား လာမည့် စက်တင်ဘာလ ပထမအပတ် သို့မဟုတ် ဒုတိယအပတ်တွင် ပြု လုပ်နိုင်ရန် နှစ်ဖက်သဘောတူထားသော်လည်း ရက်အတိအကျ သတ်မှတ်ထားခြင်း မရှိသေးဟု သိရသည်။