စစ်ရေး ပဋိပက္ခများ ရပ်ဆိုင်းရန် အစိုးရအား NCA ထိုးအဖွဲ့များ တိုက်တွန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
သြဂုတ်လ ၁၁ ရက်၊ ၂၀၁၇ ခုနှစ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုထိရောက်စေရန် NCA လက်မှတ်ထိုးအဖွဲ့များက အစိုးရအား အကြံပြု တိုက်တွန်းမှုများ ပြုလုပ်လိုက်သည်။

ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် ကာလအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက် ပိုင်းရှိ ဒေသအချို့တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ အဆုံးသတ်နိုင်ရေးနှင့် နိုင်ငံရေး ဆွေးနွေး ပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ထပ်မံပါဝင် လာနိုင်အောင် ကြိုးပမ်းရန် အစိုးရနှင့် တပ်မတော်တို့အား NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ တိုက်တွန်းလိုက်သည်။

“ညှိနှိုင်းအဖြေရှာတဲ့ အဆင့်ကို မရောက်ခင်မှာ နယ်မြေကိစ္စတို့ ဝင်ငွေကိစ္စတို့ အဖွဲ့အစည်း ကိစ္စတို့ အကျိုးစီးပွားတွေ ပတ်သက်တာများရင်လည်း ဒါငြိမ်းချမ်း ရေးတည်ဆောက်တဲ့ နေ ရာမှာတော့ အခက်အခဲတွေ ရှိနိုင်တာပေါ့။ တပ်မတော်အပါအဝင် အဖွဲ့တိုင်းဟာ အကျိုး စီး ပွားတွေကို ခဏချထားပြီးတော့ အနစ်နာခံဖို့လိုတယ်။ ပြည်ထောင်စု အကျိုးကို ကြည့်ပြီး တော့ ပြည်သူလူထုတွေ အကျိုးကို ကြည့်ပြီးတော့ အနစ်နာခံ စွန့်လွှတ် ခြင်းအားဖြင့် ကျနော် တို့က အများကြီးနားလည်မှု ရမယ်လို့ မျှော်လင့်တာပါ။ ဒါ့ကြောင့် ကျနော်တို့က ဒါကို ဝင်ပြီး တော့ မေတ္တာရပ်ခံတဲ့အနေနဲ့ ထုတ်ပြန်တာပါ” ဟု PPST အဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ သြဂုတ်လ (၉) ရက်နေ့မှ (၁၀) ရက် နေ့အထိ ချင်းမိုင်မြို့တွင် နှစ်ရက်ကြာကျင်းပသည့်  ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေး အပြီးတွင် ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ “ဒီမြောက်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေက လည်း တပ်မတော်ဘက်က အကြောင်း အမျိုးမျိုး ရှိနိုင်တာပေါ့။ သူတို့ရဲ့ လုံခြုံရေးအတွက်၊ အဖွဲ့အစည်းတွေရဲ့ ဝင်ငွေတွေက ဖြတ်တောက်ဖု့ိ အတွက် စသည်ဖြင့်တော့ ရှိနိုင်တယ်။ သို့သော်လည်းပဲ စစ်ရေးပဋိပက္ခတွေဟာ ဘက်နှစ်ဘက် ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ မဟုတ်ပေမယ့်လည်း လျော့ချနိုင်သလောက် လျော့ချပြီးတော့ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာလိုက် ရင် ပိုပြီးတော့ မကောင်းဘူးလား ဆိုတာ မျိုး ဒါကို အကြံပေးတာပါ” ဟု PPST အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြော သည်။

အလားတူ နိုင်ငံတော်အကြီးအကဲများကိုယ်တိုင်ကလည်း ၂၀၁၇ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ် ဖြစ်ရမည်ဟု ကြွေးကြော်ထားသည့်အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် ကာလတွင် စစ်ရေးပဋိပက္ခတွေကို အတတ်နိုင်ဆုံးလျော့ချရေး သို့မဟုတ် ရပ်ဆိုင်းဖို့လိုအပ်သည်ဟု PPST မှ ခေါင်းဆောင်များ အနေဖြင့် ထောက်ပြခြင်းဖြစ်သည်ဟု ပြောသည်။

NCA လက်မှတ်ရေးထိုးထားသည့်  တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း များနှင့် တပ်မတော်တို့အကြား လတ်တလောဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကို အမြန်ဆုံး ဖြေရှင်းသင့်သည်ဟု လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။

“နောက် လက်မှတ်ထိုးထားတဲ့အထဲကတော့ လောလောဆယ်ဆယ် ထိ တွေ့တာကတော့ RCSS တစ်ဖွဲ့တည်း ရှိပါတယ်။ အဲ့ဒီ RCSS နဲ့ တွေ့ ရှိတာတွေကို လည်းပဲ ညှိနှိုင်းပြီးတော့ အဖြေရှာဖို့ ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့ အဲ့ဒါကို အကြံပြုထားတာ ဖြစ်ပါ တယ်”

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သည် အားလုံးအတွက် ညှိနှိုင်းနိုင်သည့် ဆုံမှတ်တစ်ခုဟု လက်ခံထားဖို့လိုအပ်ကြောင်း PPST အဖွဲ့ဝင် ရဲဘော်သံခဲက ပြောသည်။

PPST အဖွဲ့ဝင် ရဲဘော်သံခဲက “အခု ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဒီ UNFC ရဲ့ ငြိမ်းချမ်းရေး ဆိုင် ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့ သြဂုတ်လ (၁၀)ရက်နေ့မှာ ရန်ကုန် မြို့မှာ တွေ့ဆုံဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာလည်း ကျနော်တို့ဘက်က မျှော်လင့် ချက် အများကြီးထားပါတယ်။ ဘာလို့လည်းဆိုတော့ NCA လမ်းကြောင်းပေါ်မှာ အားလုံး လက်ခံနိုင်တဲ့အခြေအနေမျိုးရောက်အောင် တနည်းအားဖြင့် ကြိုးပမ်းနေတယ်လို့ပဲ ကျနော် ယူဆတယ်။ အဲ့ဒီညှိနှိုင်းမှုဟာ အကယ်၍ အောင်မြင်မယ်ဆိုရင် ဒီ NCA ရဲ့ တိုးတက်မှု တစ် ခုရ လိမ့်မယ်လို့ပဲ ကျနော်တို့က အဲ့လိုမြင်နေပါတယ်” ဟု ပြောသည်။

PPST ခေါင်းဆောင်များ အနေဖြင့် ယခုနှစ်အတွင်း NCA လက်မှတ်ရေးထိုးမည့် အဖွဲ့ဝင်များ ထပ်မံတိုးလာမည် ဟု မျှော်လင့်ထားသည်ဟု ပြောသည်။

လက်ရှိသွားနေသည့်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေး ကြန့်ကြာနေသော်လည်း တစ်ဆင့်ပြီးတစ်ဆင့်ဖြင့် ရှေ့ဆက်တိုး သွားဖို့ မျှော်လင့်ထားသလို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံး အနေဖြင့်လည်း  ငြိမ်းချမ်းရေးကို မရရအောင်ယူမည်ဆိုသည့် ခံယူချက် သံဓိဌာန်ချပြီး အဖြေ ရှာသင့်သည်ဟု PPST မှ ပြောသည်။