ကဆုန့်ရွာ ဒုက္ခသည်များ ပိတ်မိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
သြဂုတ်လ ၁၁ ရက်၊ ၂၀၁၇ ခုနှစ်။

ကချင်လွတ်လပ်ရေး တပ်မတော် ( ကေအိုင်အို/အေအိုင်အေ) ထိန်းချုပ်ရာဒေသ ကဆုန့်ကျေးရွာအတွင်းတွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(ကေအိုင်အို/ကေအိုင်အေ) တို့အကြား တိုက်ပွဲပြင်း ထန်စွာ ဖြစ်ပွားလာသည့်အတွက် ဒေသခံ  ၆၀၀ ကျော်ထွက်ပြေးလာကြပြီး အချို့မှာ ကျေးရွာအတွင်းတွင် ပိတ်မိနေသည်ဟု ဒေသခံများထံမှ သိရသည်။

“လောလောဆယ် အကြမ်းဖျင်းကတော့ ၆၀၀ ကျော်လောက်ရောက်နေပြီ တောထဲတောင်ထဲ ရောက်တဲ့လူနဲ့ ဟိုဖက်မှာ ပိတ်မိတဲ့လူနဲ့ ရွာမှာကျန်နေတဲ့လူနဲ့ အများကြီးရှိသေးတယ်။ ရွာထဲမှာ ရပ်ကွက် ၁ ဖက်မှာ ဒီ ရပ် ကွက် ၁ နဲ့ ၂ က ဒီ ကဆုန့်ချောင်းက ခြားနေတယ်။ ကဆုန့်ချောင်းခြားတဲ့ တံတားပေါ်မှာက မြန်မာ့ တပ်မ တော်က နေရာယူလိုက်တဲ့ အခါကျတော့ ဟိုဖက်ကလူတွေ ထွက်လို့ မရ အဲလို ဖြစ်နေတယ်” ဟု နမ္မတီးမှ အမည် မဖော်လိုသူ ဒေသခံတစ်ဦး မှ ပြောသည်။

ကဆုန့်ကျေးရွာအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ဒေသခံ ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရှိရှိပြီး ရွာသား (၃)ဦးအားလည်း မြန်မာ့တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု စစ်ဘေးရှောင် ဒုက္ခသည် တစ်ဦးက ပြောသည်။

“ရွာက လူသုံးယောက်ကို ဖမ်းသွားတယ်။ ဆရာမတစ်ယောက်လည်း ပါတယ် ဖမ်းခံရတဲ့အထဲမှာ။ တစ် ယောက်ကတော့ ဒဏ်ရာရထားတယ်။ အခုက ကြောက်လို့ အားလုံးပြေးလာကြတာ။ ဘာမှတောင် မသယ် လာနိုင်ဘူး” ဟု အဆိုပါ စစ်ဘေးရှောင် ဒုက္ခသည် တစ်ဦးက ပြောသည်။

ကဆုန့်ကျေးရွာသည် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အို/ကေအိုင်အေ) တပ်မဟာ ၂ တပ်ရင်း ၁၁ ၏ ထိန်းချုပ်ရာ နယ်မြေအတွင်းတည်ရှိပြီး ကချင်ပြည်နယ် နမ္မတီးမြို့ နှင့် ၁၃ မိုင်ခန့်သာ ကွာဝေးသည့် ကျေးရွာ ဖြစ်သည်။

ကျေးရွာအတွင်းတွင် တိုက်ပွဲဖြစ်ပွားလာသည့်အတွက် ထွက်ပြေးလာသူများမှ ကူညီခေါ်ဆောင်ပေးရန် အကူ အညီ တောင်းခံလာခြင်းဖြစ်ပြီး ၎င်းတို့ ရောက်ရှိသည့်နေရာသို့ ကား ၁၄ စီးဖြင့် သွားရောက်ကူညီခေါ်ဆောင်ခဲ့ ကြသည်ဟု စစ်ရှောင်များအား သွားရောက်ခေါ်ထုတ်ရာတွင် ပါဝင်သူ နမ္မတီးဒေသခံက ပြောသည်။

စစ်ဘေးရှောင်များအား မိုးကောင်းမြို့နယ် လမ်းခွကျေးရွာရှိ ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းနှင့် ကတ် သလစ်ဘုရားကျောင်းများတွင် နေရာချထားပြီး ၎င်းတို့၏ စားဝတ်နေရေးအတွက် လောလောဆယ်တွင် ယနေ့ ညနေအတွက် ကျေးရွာများမှ တစ်အိမ်လျှင် ထမင်းထုပ် နှစ်ထုပ်ယူဆောင်လာရန် စီစဉ်ထားသည်ဟု သိရ သည်။

တိုက်ပွဲစတင်ဖြစ်ပွားလာသည့် အခြေအနေနှင့် ပတ်သက်၍ အမည်မဖော်လိုသူ စစ်ဘေးရှောင် ဒုက္ခသည် တစ်ဦးက ယခုလို ပြောသည်။

“တိုက်ပွဲဖြစ်တာက ကေအိုင်အို ထိန်းချုပ်နယ်မြေရင်း ၁၁ မှာဖြစ်တာ ကေအိုင်အို ထိန်းချုပ်ထားတဲ့ ကဆုန်ရွာ မှာ ဖြစ်တာ။ တိုက်ပွဲက ၁၀ နာရီကနေ စဖြစ်ပြီးမှ ရွာထဲကို ဝင်လာတယ်။ ဝင်လာတဲ့ခါကျတော့ ရွာစောင့်တဲ့ ကေအိုင်အေပို့စ်တွေ ပေါ့ကွာ အဲဒါတွေရှိတာပေါ့ အဲဒါနဲ့ အရင်ပစ်ခတ်ကြပြီးမှ အဲမှာ တပ်မတော်က အလုံး အရင်းနဲ့ အကုန်လုံးရွာထဲ ဝင်လာတာပေါ့။ ဒီရွာတွေက ကေအိုင်အေ ထိန်းချုပ်ရာရွာ တစ်ရွာလုံးက သူတို့ ကေအိုင်အေ ဝန်ထမ်းတွေပဲဆိုပြီးမှ အဲလို မြင်မြင်သမျှ ယောကျ်ားတွေဆို အကုန်လုံးလိုက်ပစ်တာပေါ့” ဟု ပြောသည်။

ကဆုန့်ကျေးရွာတွင် အိမ်ထောင်စု ၃၀၀ ကျော်ရှိပြီး လူဦးရေ စုစုပေါင်း တစ်ထောင်နီးပါးခန့်ရှိသည်ဟု သိရ သည်။

အဆိုပါဒေသအတွင်း ယမန်နေ့မှစတင်ကာ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင် အို/ကေအိုင်အေ) တို့အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်နှင့် တနိုင်းဒေသများတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်ဟု ကချင်ဒုက္ခသည်များအား ကူညီပေးနေသည့် အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။