FPNCC နှင့် တွေ့ဆုံဆွေးနွေးရန် သီးခြားကိုယ်စားလှယ်အဖွဲ့ ဖွဲ့ပေးရန် တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
သြဂုတ်လ ၂၄ ရက်၊ ၂၀၁၇ ခုနှစ်။
အစိုးရ အနေဖြင့် ကိုယ်စားလှယ် သတ်မှတ်ပေးပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဆိုသည့် နိုင်ငံတော် အတိုင်ပင်ခံ၏ (၂၁) ရာစု ပင်လုံ အစည်းအဝေး ကျင်းပစဉ် ပြောဆိုချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) မှ တိုက်တွန်းလိုက်သည်။
ယင်းသို့ ဖွဲ့စည်းလိုက်သော ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အား နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုများကို တိုက်ရိုက်ပြုလုပ်သွားနိုင်ရန် ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း တောင်းဆိုထားသည်။
၎င်းထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်နိုင်ရန်အတွက် အိမ်နီးချင်း တရုတ်ပြည် သူ့ သမ္မတနိုင်ငံမှ ပိုမိုပါဝင်ဆောင်ရွက် ပေးသွားရန် မေတ္တာရပ်ခံအပ်ပါသည်ဟု ပါရှိသည်။
မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်မှုကို ချက်ချင်းရပ်တန့်ပြီး FPNCC အနေဖြင့် နိုင်ငံရေး ပြဿနာများအား နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းဖြေရှင်းကာ ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့်ကို အပြည့်အဝအာမခံချက် ပေးနိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားနိုင် ရန်အတွက် ဆွေးနွေးပွဲ တံခါးအား အစဉ်အမြဲဖွင့်ထားပါကြောင်း FPNCC ကဆိုသည်။
ယခုကျင်းပသည့် အစည်းအဝေး၌ FPNCC ၏ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဝါနှင့် နည်းလမ်းများကို အတည်ပြု နိုင်ခဲ့ပြီး နိုင်ငံရေး ဆွေးနွေးညှိ နှိုင်းရာတွင် FPNCC အမည်ဖြင့်သာ တစုတစည်းတည်း ဆွေးနွေးသွားရန် မူဝါဒများအား ချမှတ်နိုင်ခဲ့သည်ဟု ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ ထုတ်ပြန်ကြေညာချက်ထဲတွင် ထည့်သွင်းထားသည်။
ထို့အပြင် (၂၁) ရာစုပင်လုံနှင့် ပတ်သက်သည့် FPNCC ၏ သဘောထား ရပ်တည်ချက် မူဝါဒကို ချမှတ်နိုင်ခဲ့ပြီး ပြည်ထောင်စု နိုင်ငံရေး သဘောတူညီချက်များ ပေါ်ပေါက်လာနိုင်ရန် (၂၁) ရာစုပင်လုံ၊ တတိယအစည်း အဝေးသို့ FPNCC အား တရားဝင်ဖိတ်ကြားလာပါက ပါဝင်တက်ရောက်သွားမည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ဤအစည်းအဝေးက မျက်မှောက်ပြည်တွင်း နိုင်ငံရေးကိစ္စ၊ (၂၁) ရာစုပင်လုံအစည်းအဝေးကိစ္စ၊ အစိုးရနှင့် ဆွေးနွေးညှိနှိုင်းရေးမူကိစ္စ၊ FPNCC အနေဖြင့် ဘဝတူ ညီနောင်တိုင်းရင်းသား လက်နကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်စပ်လုပ်ဆောင်နိုင်ရေးကိစ္စ၊ FPNCC ၏ ဖွဲ့စည်းမှု၊ ဌာနနှင့်ရုံးဖွဲ့ စည်း တာဝန်ပေးအပ်မှု ဆိုင်ရာ ကိစ္စများအပေါ် ပွင့်ပွင့်လင်းလင်း သုံးသပ်ဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ကြပါသည် ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။
ပြည်ထောင်စု နိုင်ငံ ရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ ပထမအကြိမ် အမြဲတမ်း ကော်မတီ အစည်းအဝေးကို သြဂုတ်လ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပန်ခမ်း (ပန်ဆန်း) မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့သည်။
နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အစည်းအဝေးသို့ အဖွဲ့ဝင်များဖြစ်သည့် ကချင်လွတ်လပ် ရေးအဖွဲ့ (KIO)၊ ရခိုင်အမျိုးသား အဖွဲ့ချုပ် (ULA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ မြန်မာ နိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ(MNTJP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရှမ်းပြည်နယ် အရှေ့ ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ( PSC )၊ “ဝ” ပြည်သွေးစည်းညီညွှတ်ရေးပါတီ ( UWSP ) မှကိုယ်စားလှယ် စုစုပေါင်း (၂၈) ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။