ဖမ်းဆီးခံထားရသည့် ABSDF ခေါင်းဆောင်အား တပ်မတော်မှအမှု ရုတ်သိမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၂ ရက်၊ ၂၀၁၂၇ ခုနှစ်။
သူပုန်ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)အဖွဲ့ ၏ ဗဟိုကော်မတီဝင် ဦးမင်းဌေး အား ကချင်ပြည်နယ်၊ မိုးမောက် တရားရုံးက တရားသေ လွှတ်လိုက်သည်။
စက်တင်ဘာလ ၁ ရက်တွင် လွှတ်လိုက်ခြင်းဖြစ်သည်ဟု ပြန်လည်လွှတ် မြောက်လာသည့် ဦးမင်းဌေး မှ ပြောသည်။
“အခုဒီနေ့မှာ ရုံးချိန်း ၂၇ ချိန်းမြောက်မှာပေါ့။ အဲဒါကို အမိန့်ချမှတ်တယ်။ အမိန့်ချမှတ်တော့ မတရားအသင်း ဆက်သွယ်မှု ပုဒ်မအရ မမြောက်ဘူးပေါ့ မမြောက်တဲ့အတွက် ABSDF က လည်း လက်မှတ်ထိုးပြီးသား အဖွဲ့အစည်းဖြစ်တဲ့အတွက် အဲဒါကို အမှုကို အပြီးသတ် ပိတ်သိမ်း လိုက်တယ်ပေါ့။” ဟု ဦးမင်းဌေးက ပြောသည်။
ရန်ကုန်တွင် ကျင်းပသည့် ငြိမ်းချမ်းရေး အစည်းအဝေးတစ်ခုမှ မိမိတပ်သို့ ပြန်လာသော ဦးမင်းဌေးကို ပါလာသည့် လက်မောင်းဘက်တံဆိပ်နှင့် ဖုန်းတွင် ရှိသော အချက်အလက်များအပေါ်အခြေခံ၍ တပ်မတော် စကခ ၂၁ က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဦးမင်းဌေးဖက်မှ တရားခံပြသက်သေအနေဖြင့် ဥက္ကဋ္ဌ ဦးသံခဲနှင့် ဦးသူရတို့မှ အင်န်စီအေ စာ ချုပ်နှင့် ပတ်သက်သည့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်စာချုပ်များကို တင်သွင်း ပေးခဲ့ ပြီး စက်တင်ဘာလ ၁ ရက်နေ့ ရုံးချိန်းအပြီး အမိန့်ချမှတ်ရာတွင် အပြစ်မရှိကြောင်း အမှုအားအပြီးသတ် ပိတ်သိမ်း ပေးခဲ့သည်ဟု ဦးမင်းဋ္ဌေးမှ ဆက်ပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ( NCA ) လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF မြောက်ပိုင်း ) အဖွဲ့သည် ကချင် လွတ် လပ်ရေးတပ်မတော် (KIO/KIA) ထိန်းချုပ်နယ်မြေတွင် တည်ရှိနေပြီး ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် လက်မှတ်ရေးထိုးစဉ်က တည်ရှိသည့် နယ်မြေအနေအထားအရ ပြောင်းရွှေ့ ၍မရ သည့် အခြေအနေတွင်ရှိသည်ဟု ၎င်းက ပြောသည်။
“ဒီကာလမှာတော့ ယုံကြည်မှု တည်ဆောက်နေတဲ့ ကာလကိုး တိုင်းပြည် ပြန်လည် တည် ထောင်တဲ့ ကာလလည်း ဖြစ်နေတာကိုး ဒီချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် ယုံယုံ ကြည်ကြည် နဲ့ ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုရင်တော့ ကောင်းတာပေါ့။ အဲလိုမျိုး တစ် ယောက်ကိုတစ်ယောက် ယုံကြည်မှုမရှိပဲ ဒီ ပုဒ်မတွေနဲ့ အမျိုးမျိုးတပ်ပြီးမှ ဖမ်းဆီး ချုပ်နှောင် နေမယ်ဆိုရင်တော့ မကောင်းဘူးပေါ့” ဟု ဦးမင်းဌေးက ပြောသည်။
ဦးမင်းဌေးအား ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် ဗန်းမော်-လွယ် ဂျယ်လမ်း မှ ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ပြန်လာစဉ် စိန်လုံ စစ်ဆေးရေးဂိတ်တွင် တပ်မတော်မှ ဖမ်းဆီးခဲ့ပြီးနောက် မတရားအသင်းဖြင့် ဆက်သွယ်သည့် ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဦးမင်းဌေးသည် Hollywood ရုပ်ရှင်မင်းသား Sylvester Stallone နှင့်အတူ မြန်မာနိုင်ငံ အကြောင်း ရိုက် ကူးထားသည့် Rambo 4 ရုပ်ရှင်ဇာတ်ကားတွင် အဓိက ဇာတ်ကောင် တစ်ဦးအနေနှင့် တပ်မတော် စစ်ဗိုလ် တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)အဖွဲ့သည် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့်အတူ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး NCA လက်မှတ်ရေး ထိုးပြီး နောက်ပိုင်းတွင် နိုင်ငံတော်အစိုးရမှ မတရားအသင်း အဖြစ်မှ ပယ်ဖျက်ထားသည့် အဖွဲ့ဖြစ် သည်။