တနိုင်း စစ်ဘေးရှောင်များ နေရပ် မပြန်နိုင်သေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၁၃ ရက်၊ ၂၀၁၇ ခုနှစ်။

မြန်မာ့တပ်မတော်က တပ်စွဲထားဆဲဖြစ်သည့်အတွက် တနိုင်းမြို့တွင် ရောက်နေသော ထောင်ဂဏန်း ရှိသည့် စစ်ဘေးရှောင်များ မိမိတို့ ကျေးရွာများသို့ မပြန်ရဲပဲ ရှိနေသည်ဟု ဒုက္ခသည်များနှင့် ဒုက္ခသည်အရေး ကူညီဆောင်ရွက် ပေးနေသူများက ပြောသည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော် နေရပ်ပြန်နိုင်ရေး အတွက် ဘာသာရေး အသင်းအဖွဲ့များ၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ တာဝန်ရှိသူများနှင့် အစိုးရတပ် မတော်မှ တာဝန်ရှိသူများ ယခုလ ၈ ရက်နေ့က တွေ့ဆုံဆွေးနွေးရာ ပြေလည်မှု မရရှိသေးပဲ ရှိနေသည်ဟု တာဝန်ရှိသူများက ပြောသည်။

“နောက်ဆုံးကတော့ ကျနော်တို့ တိုင်းမှူးနဲ့သွားတွေ့တယ်။ တနိုင်းကအပြန် တွေ့ဆုံတဲ့အချိန်မှာ ဒီ IDP တွေရဲ့ ဆန္ဒကတော့ တပ်စခန်းရှိတော့ သူတို့မပြန်ရဲဘူးပြောတယ်။ ဒီတပ်မတော်ဘက်ကလည်း တပ်စခန်းကတော့ ဆုတ်ခွာဖို့အကြောင်း မရှိဘူးပေါ့။ ဆိုတော့ ကျနော်တို့က အခု သက်ဆိုင်ရာ ပြည်နယ်အစိုးရ ကို စာရေးပြီးမှ အကြောင်းကြားဖို့လုပ်နေတယ်။ အဲ့ဒီအဆင့်မှာပဲ ရှိနေသေးတယ်။ အခု လောလောဆယ်ဆယ်တော့ ဘာမှဆက်လုပ်လို့ မရသေးပါဘူး။ တပ်ပိုင်းဆိုင် ရာကတော့ အဖြေကတော့ သိနေပြီ သူတို့ကလက်မခံနိုင်ဘူးပေါ့” ဟု ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ ချုပ် အတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။

အစိုးရတပ်မတော်မှ အင်ဂါးဂါးကျေးရွာ၊ နမ်ဗျူချောင်းအနီးပတ်ဝန်းကျင်နဲ့ နမ့်ဖြတ်ချောင်းဘေး တလျှောက်တွင် တပ်စခန်းများ အခိုင်အမာစွဲထားကြောင်း တနိုင်းဒုက္ခသည်အရေး ကူညီပေးနေသူ တစ်ဦးက ပြောသည်။

“သူတို့က အစပိုင်းကတော့ ကောင်ရာစခန်းမှာပဲ နေကြတာပေါ့၊ အခုက သူတို့က ကျွန်းတောပို့စ်မှာရော အင်ဂါးဂါးမှာရော နောက်ပြီးတော့ ဒီနမ်ဗျူချောင်း ဟိုဘက်ကမ်း ဒီဘက်ကမ်း စသဖြင့်ပေါ့ ဟိုး မိုင်းခွန်း စသဖြင့် အဲ့ဒီနေရာတွေမှာကျတော့ အားလုံးတိုးချဲ့ ထားတာ တွေ့ရတယ်ဗျ။ တနိုင်း ဒကစ လက်အောက်ခံတွေပဲ။ နောက်ပြီး နမ်ဖြတ်ချောင်းနားမှာ သုံးနေရာလောက်က သူတို့ အခိုင်အမာ ယူထားတယ်လို့ ကျနော်တို့က အဲ့လိုမျိုးကြားရတယ်။ တပ်တွေရှိတာလည်း တပိုင်း၊ လမ်းကလည်း မဖွင့်ပေးဘူးဆိုတော့ ဒုက္ခသည်တွေက မပြန်ရဲဘူး၊ အဲ့ဒါကြောင့် ဖြစ်သွားတာ”

တနိုင်းဒေသအတွင်း ဇွန်လ ပထမအပတ်က ဖြစ်ပွားခဲ့သည့် မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့ အကြားက တိုက်ပွဲများကြောင့် တနိုင်းမြို့သို့ အင်ဂါးဂါး၊ နမ့်ဗျူနှင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တစ်ထောင်ကျော်ခန့် တနိုင်းမြို့သို့ ထွက်ပြေးလာခဲ့သည်။

စစ်ဘေးရှောင် ဒုက္ခသည်တစ်ဦးက “ကိုယ့်ဒေသကို ကိုယ့်အိမ်ကို ပြန်ချင်တယ်ဆိုတဲ့သဘောပေါ့။ အခုက သုံးလလောက်ဆိုတော့ ငါတို့ရဲ့ ကျွဲ နွားတွေလည်း ရှိသေးတယ်။ အိမ်တွေလည်း အိမ်ကောင်းတဲ့ ဟာတွေဆိုလို့ရှိရင် အခုချိန်ကတော့ သိပ်မပျက်စီးသေးဘူးပေါ့ သုံးလလောက်ပဲဆိုတော့။ ခြံတွေ၊ လယ်တွေ တောင်ယာတွေလည်း ဒီတိုင်းပဲ ထားခဲ့ရတာ။ သွားကြည့်လို့လည်းမရဘူး။ ဒီမှာနေရတာ မပျော်ဘူး။” ဟု ပြောသည်။

စစ်ဘေးရှောင်ဒုက္ခသည်များသည် တနိုင်းမြို့ ရှိ ဘာသာရေးအသင်းအဖွဲ့များ၊ အသင်းတော်များမှ  စီစဉ် ပေးသည့် နေရာများ၊ အဆောက်အဦးများ၊ ဓမ္မာရုံတို့အပြင် မိုးကာနှင့် ယာယီလုပ်ထားတဲ့ မိုးကာတဲများ တွင် နေထိုင်ခဲ့သည်မှာ သုံးလကျော် လေးလနီးပါးရှိလာပြီဖြစ်သည်။

“ဒီမှာ အသင်းတော်အနေနဲ့ အတတ်နိုင်ဆုံးကူညီပေးပေမယ့်လည်း ငါတို့နေအိမ် မဟုတ်တဲ့အတွက် ငါတို့အိပ်ယာမဟုတ်တဲ့တွက် နွေးထွေးမှုကတော့ မရှိဘူးပေါ့။ အဲ့ဒါကြောင့် အဆင်ပြေမယ် ဆိုရင်တော့ ပြန်ချင်တယ်” ဟု ယင်းဒုက္ခသည်က ပြောသည်။

အဆိုပါ ဒုက္ခသည် တစ်ထောင်ကျော်အတွက် ယခုအခါတွင် နေရာထိုင်ခင်း အခက်အခဲနှင့် ရိက္ခာအခက်အခဲများ ကြုံတွေ့နေကြရသည်ဟု တနိုင်း စစ်ဘေးရှောင်ဒုက္ခသည်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။

“လောလောဆယ်ကတော့ နံပါတ်တစ်ကတော့ သူတို့နေထိုင်ဖို့နေရာကတော့ အခက်ခဲဆုံးပေါ့။ အခု က သူတို့နေတာက အဆောက်အဦးက ခိုင်ခိုင်မာမာ နည်းနည်း မိသားစုလိုက်နေလို့ရအောင် ဆောက်ဖို့ကလည်း အစိုးရက အသိအမှတ်မပြု ပေးဘူးဆိုတော့ ကျနော်တို့က ဆောက်လို့မရဘူးပေါ့။ အဓိက ကတော့ IDP camp အနေနဲ့ စစ်ရှောင်စခန်းအနေနဲ့ အသိအမှတ်မပြုပေးဘူးလေ အစိုးရအနေနဲ့။ ဒုတိယတချက်ကတော့ စားဝတ်နေရေးပေါ့၊ စားဖို့သောက်ဖို့အတွက်ပေါ့၊ အဲ့ဒါလောလောဆယ်က အလှူရှင်တွေ၊ နိုင်ငံရေးပါတီတွေ အနေနဲ့ပေးထားတဲ့ သူတို့ထောက်ပံ့ပေးတာနဲ့ပဲ စားနေကြတာပေါ့။ အများကြီးတော့ မရှိဘူး။ ရေရှည်အတွက်တော့ သူတို့အတွက် အခက်အခဲဖြစ်မှာ” ဟု ပြောသည်။

တနိုင်းစစ်ဘေးရှောင်များ နေရပ်ရင်း ပြန်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရထံ စာတင်သွားမည် ဖြစ်ကြောင်း၊ အစိုးရတပ်မတော်မှ တပ်စခန်းများ ဆုတ်မပေးနိုင်ပါက ဒုက္ခသည်များအတွက် နေရာ ထိုင်ခင်း ပြင်ဆင်ပေးရန်လည်း တောင်းဆိုသွားမည်ဟု ကချင်ဘာသာရေးခေါင်းဆောင်များ၊ ကချင်ငြိမ်း ချမ်းရေးကွန်ရက်မှ တာဝန်ရှိသူများနှင့် တနိုင်းဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူများက ပြော သည်။