NCA နှစ်ပတ်လည်အခမ်းအနား လက်မှတ်မထိုးသော အဖွဲ့များလည်း ဖိတ်ကြားမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
အောက်တိုဘာလ ၁၂ ရက်၊ ၂၀၁၇ ခုနှစ်။
အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA နှစ်နှစ်ပြည့် အခမ်းအနားသို့ လက်မှတ်မရေးထိုးသေးသည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် ယူအန်အက်ဖ်စီ အဖွဲ့များ တက်ရောက်ရန် အစိုးရက သဘောတူခဲ့သည်ဟု ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့က ပြောသည်။
အောက်တိုဘာလ ၁၀ ရက်နေ့က နေပြည်တော်တွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်သော NCA လက်မှတ်ထိုးထားသော အဖွဲ့များနှင့် အစိုးရ ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့သည်ဟု ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ဥက္ကဌ ခွန်မြင့်ထွန်းက ပြောသည်။
“ဆွေးနွေးပွဲမှာတော့ ကျနော်တို့ ဒီ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေကိုရော UNFC ကိုရော ဖိတ်ကြားဖို့အတွက် ကျနော်တို့ ဖက်ကနေ အဆိုပြုပါတယ်။ အဲ့ဒီ အဆိုပြုမှုကို အစိုးရကလည်း လက်ခံပြီးတော့မှ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေကိုရော UNFC ကို ရော ဒီ်အခမ်းအနားကို ဖိတ်ကြားဖို့အတွက် နှစ်ဖက် သဘောတူပြီး ဖြစ်ပါတယ်။”
ယခု သဘောထားသည် အပစ်ရပ်ဖက်မှ ကိုယ်စားလှယ်နဲ့ အစိုးရဖက်မှ ကိုယ်စားလှယ် အလုပ်အဖွဲ့ ၂ ဖွဲ့ ဆွေးနွေးခြင်း ဖြစ်သည့်အတွက် တပ်မတော်မှ သဘောတူ ထားပြီးသား ဖြစ်သည်ဟု နားလည် ကြောင်း ဦးခွန်မြင့်ထွန်း ကပြောသည်။
အပစ်မရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအား NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့် အခမ်းအနားသို့ ဖိတ်ကြားရန် အရေးကြီးသည်ဟု ခွန်မြင့်ထွန်းက ပြောသည်။
“ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက် ဖို့ ဆိုရင် ကျနော်တို့ ၈ ဖွဲ့ထဲနဲ့ ဒီလို ဖော်ဆောင်လို့ မရပါဘူး အစိုးရရယ်၊ လွတ်တော်ရယ်၊ တပ်မ တော်ရယ်၊ ပြီးရင် နောက် ကျနော်တို့ ၈ဖွဲ့ရယ် ဒီလောက်နဲ့ ဖော်ဆောင်လို့ မရဘူး၊ အားလုံး ကျနော် တို့ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်ရမယ်ဆိုတဲ့ NCA ပြဌာန်းချက်အရ ကျနော်တို့ ညီနောင်များ အားလုံး ပါဝင်မှသာလျှင် ဒါ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်မယ်လို့ ဒီယုံကြည်ချက်နဲ့ ဒါ ကျနော်တို့ အဆိုတင်တာ ဖြစ်ပါတယ်။”
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့် အခမ်းအနားကို အပစ်ရပ် ၈ ဖွဲ့ မှ တစ်ဖွဲ့ လျှင် ထိပ်သီး ခေါင်းဆောင် တစ်ဦးနှင့် ကိုယ်စားလှယ် ၁၀ ဦး စုစုပေါင်း ၁၁ ဦးစီး တက်ရောက်ခွင့် ပြုမည် ဖြစ်သည်။
အပစ်ရပ် စာချုပ် လက်မှတ်မရေး ထိုးရသေးသည့် “ဝ” ဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့ နဲ့ UNFC အဖွဲ့ဝင်များမှာ တစ်ဖွဲ့ လျှင် ကိုယ်စားလှယ် ၁၅ ဦးစီ တက်ရောက်ခွင့်ပြု မည်ဟု သိရသည်။
NCA လက်မှတ်ရေးထိုးထားသည့် အပစ်ရပ်အဖွဲ့များအနေဖြင့် NCA ၂ နှစ်ပြည့် အခမ်းအနားအပြီး နေ့လည် ပိုင်းတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာ ကွယ်ရေး ဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် တို့ အား နေပြည်တော်တွင် သီးခြားစီ အလွတ်သဘော တွေ့ဆုံ နိုင်ရန် စီစဉ်ထား သည်ဟု သိရသည်။