မွန်ပြည်သစ်ပါတီ တပ်ပေါင်းစုမူအရ ရပ်တည်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
နိုဝင်ဘာလ ၂၉  ရက်၊ ၂၀၁၇ ခုနှစ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA ) လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်၍ မွန်ပြည် သစ်ပါတီ (NMSP) က တပ်ပေါင်းစုဖြစ်သော ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ လမ်းကြောင်းအတိုင်း ဆက်လက်ရပ်တည် လုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။

“UNFC နဲ့ပဲ သွားမယ်။ ကျနော်တို့ သွားမှာက တပ်ပေါင်းစု အနေနဲ့သွားတာက ပိုပြီး အကောင်းဆုံးပဲပေါ့နော်။ ဒါကို အဲလိုပဲ စဉ်းစားထား တာပေါ့လေ။” ဟု မွန်ပြည်သစ်ပါတီ ( MNSP ) ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး က ပြောသည်။

မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ် ရေးချောင်းဖျားတွင် နိုဝင်ဘာလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ လေးရက်ကြာ ပြုလုပ်ခဲ့သည့် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးက ယခုကဲ့သို့ ဆုံးဖြတ်ချက် ချမှတ်လိုက် ခြင်းဖြစ်သည်။

အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အပေါ် အလေးထား ဆွေးနွေးခဲ့ကြပြီး ရရှိလာခဲ့သည့် သဘောထားများကို UNFC အဖွဲ့ဝင်များအား ပြန်လည်တင်ပြ ဆွေးနွေးသွားမည်ဟု  မွန်ပြည်သစ်ပါတီ NMSP က ပြောသည်။

“အခုအခြေအနေကို တပ်ပေါင်းစုကို တင်ပြမယ်ပေါ့။ ဒါကို ကျနော်တို့က UNFC ကို သွားပြီးတော့ ဘယ်လိုကျော် ဖြတ်မလဲ ဟိုရောက်မှပဲ ကျနော်တို့ တွေ့ပြီး ပြောကြ မှာဖြစ်တယ်ခင်ဗျား အခုပြောလို့ တော့မ ရသေးဘူး။ နည်း လမ်းမျိုးစုံပေါ့ ကျနော်တို့က နည်းလမ်းမျိုးစုံနဲ့ သွားကြမှာပေါ့။”ဟု နိုင်အောင်မငေးက ပြောသည်။

ထို့အပြင် ယခုကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး၌ UNFC ၏ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးအဖွဲ့ DPN နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC တို့ အဋ္ဌမအကြိမ်အထိ တွေ့ဆုံမှု အခြေအနေ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အခက်အခဲများ၊ NCA အားသာချက် အနည်းချက်များအပြင် ယခုဖြစ်ပေါ်နေသည့် နိုင်ငံအခြေအနေများ ကို ဆွေးနွေးခဲ့သည်ဟု NMSP က ပြောသည်။

UNFC နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်တို့ ရန်ကုန်တွင် နောက်ဆုံး ပြုလုပ်ရန် ချိန်းဆိုခဲ့သည့် အစည်းအဝေးကို အကန့်အသတ်မရှိရွေ့ဆိုင်းထားပြီး အစိုးရက သဘောတူညီထားခဲ့သော UNFC ၏ တောင်းဆိုချက် အချက် ၈ ချက်ကို ပြန်လည် သုံးသပ်ရန် ရှိနေသည်။

မွန်ပြည်သစ်ပါတီ NMSP ၏ ဗဟိုကော်မတီ အစည်းအဝေးကို ဗဟိုကော်မတီဝင် ၃၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

၁၉၉၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့် အစိုးရတို့အကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှု ရယူခဲ့ကြသည်။ သို့သော် ၁၅ နှစ်အကြာ ၂၀၁၀ ခုနှစ်တွင် အစိုးရမှ မွန်ပြည်သစ်ပါတီအား နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ပြောဆိုလာရာမှ ၎င်းတို့၏ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုမှာ ပျက်ပြယ်သွားခဲ့သည်။