KIA နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၁၇ ခုနှစ်။

စစ်ရေးတင်းမာလျက်ရှိသည့် ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA နှင့် မြန်မာ့ တပ်မတော်တို့ တနိုင်းဒေသတွင် ဒီဇင်ဘာလ ၁၇ ရက် (ယမန်နေ့က) တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု KIO/KIA က ပြောသည်။

မြန်မာ့တပ်မတော်က လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အပြင် မြေပြင်တိုက်ပွဲပါ ပြုလုပ်လာသည့်အတွက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

“မနေ့က တပ်ရင်း ၁၄ ဖက်မှာတော့ ပြင်းထန်တယ်လို့ ပြောလို့ရတာပေါ့။ လက်နက်ကြီးနဲ့ ပစ်တာတော့ အကြိမ်ပေါင်း ၈၀ ကျော် ၁၀၀ နီးပါးလောက်ပစ်တယ်။ ကျနော်တို့ တပ်စခန်းကတော့ သေးသေးလေးပေါ့ အခိုင်အမာ တပ်စခန်းတော့ မဟုတ်ဘူး အဲနေရာမှာ အဲလောက်ကြီး ပစ်တယ်ဆိုတော့ တိုက်ပွဲပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။ အဲနောက်မှာပဲ မြေပြင်တိုက်ပွဲ ခြေချင်နဲ့ ပြန်တက်လာတယ်ဆိုတော့ ၆ နာရီလောက် ခနတ ဖြုတ်နားလိုက် ပြန်တိုက်လိုက် ဆိုတော့ ၆ နာရီ ၇ နာရီလောက်ကြာတယ်။ သူကနည်းနည်းတော့ ပြင်းထန် တယ်လို့ ပြောလို့ရတယ်ပေါ့။”

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ KIO/KIA တပ်မဟာ ၂ တပ်ရင်း ၁၄ ဖက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သကဲ့သို့ မန်စီမြို့နယ်ရှိ တပ်မဟာ ၃ တပ်ရင်း ၁၂ ဖက်တွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIO/KIA က ပြော သည်။

ယခုရက်ပိုင်းအတွက် တနိုင်းမြို့ပေါ်ကနေ လက်နက်ကြီးပစ်သံများ ဆက်တိုက်သလို ကြားနေရသည်ဟု တနိုင်းဒေသခံ တစ်ဦးက ပြောသည်။

“ဒီရက်ပိုင်းကတော့ ဆက်တိုက်လိုလို ဖြစ်နေတယ်။ မြို့ပေါ်ကနေကြားရတယ်။ ကျနော်တို့လယ်တောထဲကနေ ဆိုလို့ရှိရင်တော့ ပိုကြားရတာပေါ့။ မြို့ပေါ်က ညဆိုပိုကြားရတယ်။ တစ်ခါတစ်လေကျတော့လည်း ၂ နာရီ ၃ နာရီ ဆက်တိုက်ပစ်ခတ်တဲ့အသံ ကြားရတယ်။ တစ်နာရီလောက်ပစ်တယ် အဲလိုမျိုး ဆက်တိုက်ပေါ့နော အဲလိုမျိုးပေါ့။”

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တနိုင်းဒေသ အင်ဂါးဂါဖက်သို့ သွားသည့် မိုင်စပ်ပို့စ်နှင့် အင်ဂါးဂါကြားတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲနောက်ပိုင်း လက်နက်ကြီးသံများကို ဆက်တိုက်ကြားနေရသကဲ့သို့ တိုက်ပွဲများလည်း ခပ်စိပ်စိပ် ဖြစ်လာသည်ဟု အဆိုပါ ဒေသခံ က ပြောသည်။

“စနေ တနင်္ဂနွေ ဆိုရင် သူတို့ တိုက်ပွဲကတော့နည်းနည်း စိပ်စိပ်ဖြစ်တာပေါ့။ သူတို့ တိုက်ပွဲဖြစ်တာ အဲဒီ စနေ တနင်္ဂနွေနေ့က မနေ့ကကြားတယ် မနေ့က ကျနော်လယ်တောသွားတာ မနေ့ကတော့ အကြာကြီး မနေ့ကတော့ ကျနော်ကိုယ်တိုင် လယ်တောမှာဆိုတော့ ကြားရတယ်လေ။”

ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ KIO/KIA တပ်မဟာ ၂ တပ်ရင်း ၁၄ နှင့် မန်စီမြို့ရှိ တပ်မဟာ ၃ မန်ဝိန်းကြီးဖက်တွင် စစ်ရေးတင်းမာမှုများရှိနေပြီး အချိန်မရွေး တိုက်ပွဲပြင်းထန်စွာ ဆက်လက် ဖြစ်ပွားလာနိုင်သည် ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင်လည်း မြန်မာ့တပ်မတော်က ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA ထိန်းချုပ်ရာ ဧရိယာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အပြင် လေယာဉ်ပျံဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KIO/KIA က ပြောသည်။