နှစ်ဖက်ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံဖြေရှင်းရန် UNFC မျှော်လင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဒီဇင်ဘာလ ၈ ရက်၊ ၂၀၁၈ ခုနှစ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ တိုးချဲ့ အရေးပေါ် အစည်းအဝေးတွင် အစိုးရနှင့် သဘောတူညီချက်ရရန် တစ်ဆို့နေသည်များကို နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံညှိုနှိုင်းသွားရန် သဘောထား ချမှတ်ခဲ့ကြသည်။

ဤသဘောထားကို ဇန်နဝါရီလ ၆ ရက်နေ့မှ ၈ ရက်နေ့ အထိ ၃ ရက်ကြာကျင်းပခဲ့သည့် UNFC ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ တိုးချဲ့ အရေးပေါ်အစည်းအဝေးတွင် ချမှတ်ခဲ့ကြခြင်းဖြစ်သည်။

“ကျနော်တို့ DPN ဖက်ကနေပြီးတော့မှ နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံပြီးတော့မှ အဖြေရှာကြဖို့ အဲ့ဒါကို ပြီးခဲ့တဲ့ လမှာ အဆိုပြုထားပြီးဖြစ်တယ် အဲ့ဒီအတွက်လည်း ကျနော်တို့ DPN နဲ့ PC ကြားမှာ အကြို ညှိနှိုင်းဆွေးနွေးပြီးတော့မှ ပြင်ဆင်မှုတွေလည်း လုပ်နေကြပါတယ်။ ဆိုတော့ အဲ့ဒီနောက်ဆုံးရောက်ရှိနေတဲ့ အခြေအနေတွေကို အကဲဖြတ်ပြီးတော့ အခု ဒီ ဆုံးဖြတ်ချက်က ပြောမယ်ဆိုလို့ ရှိရင်တော့ DPN အနေနဲ့ပေါ့ လေ ဒီ နှစ်ဖက် ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံနိုင်ရေး ကိစ္စကို ဆက်လက်ကြိုး ပမ်းဆောင်ရွက် ဖို့အတွက် ကျနော်တို့ သဘောထား ချမှတ်ပါတယ်။ ရှေ့လုပ်ငန်းစဉ်ကတော့ အဓိက အဲဒါလို့ ပြောလို့ရပါတယ်” ဟု UNFC ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်က ပြောသည်။

နှစ်ဖက်ခေါင်းဆောင်များ၏ အထက်ကချမှတ်ထားသည့် မူဝါဒများကြောင့် DPN နှင့် ငြိမ်းချမ်းရေး ကော်မရှင် (PC) တို့ တွေ့ဆုံမှုမှာ မပြီး ပြတ်ပဲ တစ်စို့နေသည့် အနေအထားတွင် နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ ဖြေရှင်းလိုခြင်းဖြစ်သည်ဟု ဦးထွန်းဇော်က ဆက်ပြောသည်။

“DPN နဲ့ PC အဆင့်မှာ တစ်စို့နေလို့ ကျနော်တို့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ကြတယ် ဒီ အဖြေရှာမှုမှာတော့ အဲ့ဒီလိုမျိုး ဘုံရပ်တည်ချက်တွေတော့ မျှော်မြင်ချက်တွေတော့ ရှိကြတယ်။ အဲ့ဒီဘုံအမျှော်အမြင်အပေါ်မှာ မူတည်ပြီးမှပေါ့နော် ရှု့မြင်ချက်ပေါ်မှာ မူတည်ပြီးမှ ကျနော်တို့ ဆက်လက်ဆောင်ရွက်နေတဲ့ အနေအထားဖြစ်တယ်လို့ ပြောလို့ရပါတယ်။”

အစည်းအဝေး၌ မွန်ပြည်သစ်ပါတီ NMSP အနေဖြင့် ၎င်းတို့၏ ဗဟိုကော်မတီ အစည်းအဝေးက NCA လက်မှတ်ရေးထိုးရန် သဘောထားချမှတ် ထားသည့်အပေါ် တင်ပြလာမှုများရှိသော်လည်း UNFC ၏ ရပ်တည်ချက်အောက်တွင် ၎င်းတို့ဆက်လက်ရပ် တည်ရန် သဘောထားပေးခဲ့သည်ဟု ဦးထွန်းဇော်က ပြောသည်။

“ကျနော်တို့ သဘောထားကတော့ ခုနကကျနော်တို့ ပြောတဲ့အတိုင်းပဲလေ ဒီအချက် ၉ ချက်အဆိုပြုမှုကို ကျနော်တို့က အားလုံး ဘုံရပ်တည်ချက်အနေနဲ့ ကြိုးပမ်းနေကြတာဖြစ်တယ်။ ဒါကို ကျနော်တို့က နောက်ဆုံး အဆင့်ကို ရောက်နေတယ်လို့ ပြောလို့ရတာပေါ့နော်။ နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံလို့ ကျနော်တို့ ပြီးမှပဲ ဒါ တပ်ပေါင်းစုဖက်ကနေပြီးတော့မှ သဘောထားကို ပေးနိုင်မှာ ဖြစ်ပါတယ်။”

သုံးရက်ကြာ ကျင်းပပြုလုပ်သည့် UNFC ၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ တိုးချဲ့အရေးပေါ်အစည်းအဝေးတွင် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN တို့ ၁၇ လကြာ တွေ့ဆုံဆွေးနွေးမှုက ရရှိလာသည့် ရလာဒ်များကို အခြေခံသည့် DPN ၏ အစီရင်ခံကို အလေးအနက်ထားကာ ဆွေးနွေးသုံးသပ်ခဲ့ကြသည် ဟု UNFC ကပြော သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တွင် လက်ရှိ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU၊ ရခိုင်အမျိုးသား ကောင်စီ ANC အဖွဲ့များ ပါဝင်သည်။