မုန်းကိုးအနီး မိုင်းပေါက်ကွဲ၊ အရပ်သား ၅ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၉ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုန်းကိုးဒေသအတွင်း မိုင်းနှစ်လုံးပေါက်ကွဲမှုကြောင့် ဒေသခံ ငါးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာရှိသူများမှာ ယခုအခါ တရုတ်နိုင်ငံ မန်ရှီ(Mangshi)မြို့ ဆေးရုံကြီးတွင် အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“မိုင်းထိတာက ၅ ယောက်ပေါ့။ သူတို့က စိုးရိမ်ရတဲ့ အခြေအနေလည်းပါတယ်။ ဟို သင်းထောက်တစ်ယောက်ကျတော့ ခြေထောက်ဖြတ်လိုက်ရတယ်။ ဒူးကနေ။ အဲ့သင်းထောက်က မျက်နှာမှာလည်းထိတယ်။ နောက် တခြားတစ်ယောက်ကလည်း မျက်နှာမှာထိသေးတယ်။ မျက်နှာမှာထိတာ နှစ်ယောက်ပေါ့။ နောက်ပြီး ဗိုက်မှာထိတာလည်းပါတယ်။ နောက်ပြီး ခြေထောက်မှာ ထိတဲ့တစ်ယောက်ရှိတယ်။ သူကတော့ သိပ်မစိုးရိမ်ရဘူး။ ဆေးရုံရောက်ခါစတော့ သူတို့သတိမေ့နေကြတယ်။ အခုတော့ သတိရနေပြီ။”

ဇန်နဝါရီလ ၈ ရက်နေ့တွင် မုန်းကိုးဒေသမှ ရွာသားငါးဦးထင်းခွေသွားရာ မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ မုန်းကိုးဒေသခံတစ်ဦးက ယခုလိုပြောသည်။

“မိုင်းကနှစ်လုံးလို့ပြောတယ်။ နှစ်လုံးဆိုတာက အရင်ဆုံးရှေ့မှာသွားနေတဲ့ လေးယောက်ကတစ်လုံးနင်းမိတယ်။ နင်းမိတော့ အဲ့သင်းထောက်နောက်မှာ။ အဲ့တော့ နင်းမိတဲ့လူတွေ မလှုပ်နိုင်တော့ သူတို့ကို သွားကူရင်းထူရင်းနဲ့ အဲ့သင်းထောက်က နောက်တစ်လုံးပြန်နင်းမိတာပေါ့။ အဲ့ဒါ အားလုံးဆိုနှစ်လုံးပေါ့။”

ထိခိုက်မိသူ ၅ ဦးအနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ပြောသည်။

“စိုးရိမ်ရတဲ့ အခြေအနေက နှစ်ယောက်ရှိတယ်။ မုန်းကိုးမှာကျတော့ ဆေးကုဖို့က အဆင်မပြေဘူးလေ။ အဲ့ဒါကြောင့် မန်ရှီကိုပို့တာပါ”

သင်းထောက် ဦးဝယောဇောင်းခေါင်မှာ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည်ဟု မိသားစုဝင်များက ပြောသည်။

မည်သည့် အဖွဲ့အစည်းက ထောင်ထားသည့် မိုင်းဖြစ်သည်ကို မသိရကြောင်း ဒေသခံက ပြောသည်။

“မိုင်းကျတော့ ဘယ်သူတွေထောင်တယ်ဆိုတာ အတိအကျတော့ ပြောလို့မရဘူး။ ကျနော်တို့လည်း မသိဘူးလေနော်။ မိုင်းထိတဲ့ရွာသားတွေက သူတို့က အရင်နေခဲ့တဲ့ ရွာဟောင်းပေါ့ မန်ဂျက်မှာ ထင်းခွေဖို့ သွားရင်းနဲ့ သူတို့ မိုင်းသွားနင်းမိတာ”

မန်ဂျက်ကျေးရွာသည် မုန်းကိုးမြို့နှင့် နှစ်မိုင်ကျော်ခန့်သာကွာဝေးပြီး ၂၀၁၁ ခုနှစ်ခန့်မှစတင်ကာ ၎င်းဒေသ၌ အစိုးရတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအကြား စစ်ရေးတင်းမာမှုများကြောင့် ရွာသားများမှာ ကျေးရွာအတွင်း နေထိုင်ခြင်းမရှိတော့ပဲ မုန်းကိုးမြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

ဇန်နဝါရီလ ၈ ရက်၊ နံနက် ၁၁ နာရီ ခွဲ အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် သင်းထောက် ဦးဝယောဇောင်းခေါင် ၊ ဦးခေါင်ဒေါင်၊ ဦးဒိုင်ဇေ၊ ဦးယိန်းယော်နှင့် ဦးချာလောင်ဖာတို့ ထိခိုက်ဒဏ်ရာရခဲ့ကြသည်။

မုန်းကိုးဒေသအတွင်း တိုက်ပွဲများဖြစ်ပွားခြင်း မရှိသော်လည်း အစိုးရတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ နှစ်ဖက်တပ်များ လှုပ်ရှားမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မုန်းကိုးဒေသသည် ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းက အစိုးရတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်ဒေသဖြစ်သည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ မုန်းပေါ်ကျေးရွာအုပ်စုအတွင်း၌ မိုင်းတစ်လုံးပေါက်ကွဲခဲ့သည့်အတွက် ကလေးငယ် ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်။