တိုင်းရင်းသား အဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေပြီဟု တိုင်းရင်းသား ခေါင်းဆောင်များပြော

သတင်းနှင့် မီဒီယာကွန်ရက်။
ဇန္နဝါရီလ ၁၃ ရက်နေ့။ ၂၀၁၈ ခုနှစ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း အခက်အခဲ အကြပ်အတည်းတွေကို ကျော်လွန်နိုင်ရန် အတွက် ရပ်တည်မှု မတူညီသော တိုင်းရင်းသား လက်နက်ကိုင် အင်အားစုကြီး ၃ စုအကြား အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်နေပြီဟု တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။

NCA အပစ်ရပ် ၈ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလုပ်အဖွဲ့ PPWT နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်များသည် ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးဖလှယ်ကြရာမှာ အခုကဲ့သို့  ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် UNFC ဥက္ကဌ နိုင်ဟံသာ က “ကနေ့ နိုင်ငံရေးအခြေအနေကို ကျနော်တို့ သုံးသပ်ကြည့်ရင် ကျနော်တို့ တိုင်းရင်းသားတွေ အချင်းချင်းကြားမှာ စုစည်းဆက်စပ်ဖို့က သိပ်ပြီး ကွာဟနေပြီဗျ၊ ကြည့်ရတာ ကျနော်တို့အကဲခတ် ကြည့်ရတာ လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့ကလည်း ရှေ့တိုးဖို့ သိပ်မလွယ်ဘူးပေါ့နော်၊ ဒါက မလွယ်ယုံတောင် မကဘူး တော်တော်လေးကို အကြပ် အကြပ်အတည်းတွေ့နေတယ်လို့တော့ ကျနော်မြင်တယ်၊ ကျနော်တို့ UNFC ဘက်ကလည်း သွားပြီးတော့ ညှိနှိုင်းနေတယ် အဲ့ဒီ ၈ ချက် ၉ ချက် ပေါ့နော် ၊ အဲ့ဒါလည်း မပြေလည်ဘူးဗျ၊ အခုက အဲ့ဒီ ကြားထဲမှာ ကရင်နီက ရဲဘော် ၃ ဦးနဲ့ အရပ်သား ၁ ဦးနဲ့ အဲ့ဒါကိုလည်း ဟိုမှာ မတရားတဲ့ ပုံစံနဲ့ သတ်ဖြတ်ခြင်းခံလိုက်ရတော့ တော်တော်လေးကို ညှိနှိုင်းမှုမှာ တော်တော်လေး ပြသနာ တက်လာတာပေါ့ ယုံကြည်မှုဟာ အများကြီး ပျက်စီးနေတယ်။” ဟု ပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့က ဦးဆောင်ကျင်းပရန် ပြင်ဆင်နေသော လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကိစ္စများနှင့် ပတ်သက်ပြီး နှောက်ယှက်ခံနေရမှု ကိစ္စ၊ မြောက်ပိုင်းဒေသတွင် အစိုးရတပ်မတော်က ထိုးစစ်ဆင်နေမှု ကိစ္စ များသည် ငြိမ်းချမ်းရေး တည်ဆောက်မှု ခရီးစဉ် အတွက် မလွယ်ကူကြောင်း နှင့် တပ်မတော်၏ နည်းဗျူဟာ သည်လည်း တိုင်းရင်းသား အင်အားစုတွေကို ခွဲထုတ်ပြီး အနိုင်ယူသည့် ပုံစံရှိနေခြင်းကြောင့် တိုင်းရင်းသားအချင်းချင်း ဆက်စပ် ပူးပေါင်းဆောင်ရွက်ရန် ပိုမိုလိုအပ်နေပြီဟုလည်း ပြောသည်။

ကနေ့ ကြည့်ရတာကတော့ အစိုးရဖက်ကလည်း တပ်မတော်နောက်ကို လိုက်နေရတဲ့ ပုံစံမျိုး တပ်မတော်ကို ဘာမှ မလွန်ဆန်နိုင်ဘူး၊ တပ်မတော်ကလည်း အမျိုးမျိုး အင်အားပြပြီးတော့မှ ကစားနေတယ်။ သူတို့ ဒီ တဖက်က နိုင်ငံရေး ဆွေးနွေးပွဲ လုပ်နေပေမယ့် တဖက်က သူတို့ အပေါ်စီးက ရဖို့နော်၊ သူတို့လိုချင်တဲ့ ပုံစံထဲကို ဝင်ဖို့ အဲ့ဒါကို ဖိအားအနေနဲ့ မျိုစုံနဲ့ တွန်းနေတဲ့ အနေအထားမျိုး အဲ့လိုအနေအထားမျိုးမှာ ကျနော်တို့ကတော့ သင်ခန်းစာယူပြီးတော့ပေါ့ဗျား အကောင်းဆုံးနည်းနဲ့ ကျနော်တို့အချင်းချင်းကြားမှာ နားလည်မှု အကောင်းဆုံးယူပြီး အားကိုအကောင်းဆုံးတည်ဆောက်ပြီးတော့မှ ကျနော်တို့ သွားရမည့် ပုံစံ ဖြစ်ပါတယ်လို့။ ဟု UNFC ဥက္ကဌ နိုင်ဟံသာ မှ ဆက်ပြောသည်။

NCA အပစ်ရပ် ၈ ဖွဲ့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင်ဖြစ်သော ALP ရခိုင် လွတ်မြောက် ရေးပါတီ ဒုဥက္ကဌ ၁ ဦးခိုင်စိုးနိုင်အောင် က လက်ရှိ NCA လက်မှတ်ရေးထိုးထားကြသော အပစ်ရပ် ၈ ဖွဲ့ အနေနဲ့ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်မှာ မှန်ကန်သော်လည်း နည်းလမ်းရှာဖြေရှင်းသွားဖို့ အဖွဲ့ ၈ ဖွဲ့အကြား ဆုံးဖြတ်ချက်ချမှတ်ထားခြင်းကြောင့် အကောင်းဆုံးနည်းလမ်းရှာ ဖြေရှင်းသွားရန် ရှိနေသကဲ့သို့ ရပ်တည်မှု မတူညီသော တိုင်းရင်းသား အုပ်စုကြီး ၃ စု အကြား ဆက်စပ်ပူးပေါင်းဆောင်ရွက်ရန်လည်း အရေးကြီးကြောင်း ပြောသည်။

 ခုနက UNFC ဥက္ကဌ ပြောသလိုပဲ ရန်သူကတော့ ဘာပဲပြောပြော ကျနော်တို့ တစ်စုံတရာ သူတို့ကို အထိနာစေမယ့် ပုံစံမျိုးတွေ ဖြစ်လာလို့ရှိရင်တော့ ခွဲမှာပဲ။ အဲ့ဒါတော့ အမြဲတမ်း အလယ်ကို ခွဲခဲ့ကြပါတယ်။ ခွဲပေမယ့်လို့ ကျနော်တို့ သိသိကြီးနဲ့ ကျနော်တို့ အတွင်းမှာ ကွာသွားပါတယ် ကွဲသွားပါတယ်။ အဲ့ဒါကတော့ အကောင်းဆုံး အတွေ့အကြုံရှိပါတယ်။ ဆိုတော့ အခု လက်ရှိ ဖြစ်နေတဲ့အခါမှာလည်း အုပ်စု ၃ စု ဖြစ်နေပါတယ်။ ကျနော်တို့ PPST ရယ် UNFC ရယ် မြောက်ဖက် အဖွဲ့တွေရယ် အဲ့ဒီ အဖွဲ့ ၃ ဖွဲံ့ အလုံးစုံ ညီညွတ်မှု မရှိပေမယ့်လို့ တစ်စုံတစ်ရာ ညီညွတ်တဲ့ ပူးပေါင်းဆောင် ရွက်နိုင်တဲ့ ယန္တယားလုပ်ငန်းစဉ်ကို အကောင်အထည်မဖော်နိုင်ရင်တော့ ကျနော်တို့ အတွက် အခက်အခဲ အများကြီး ဖြစ်နိုင်ပါတယ်။ တော်တော်ကို ဝေးသွားနိုင်ပါတယ်။ ဒါပေမယ့် ဒီခေါင်းဆောင်တွေကို အဲ့ဟာတွေကို အားလုံး နားလည်ပြီးသားဖြစ်တယ်။ အဲ့ဒီ နားလည်ပြီးသား ဖြစ်တဲ့အပေါ်မှာ အနှိမ့်ဆုံးအဆင့် ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုကို ဖြစ်စေတဲ့ ယန္တရားကို ဘယ်လိုတည်ဆောက်ကြမလဲ ဆိုတဲ့နည်းလမ်းကို ရှာဖို့လိုတယ်။ အဲ့ဒါ သိပ့်အရေးကြီးတယ်လို့ ထင်တယ်။

တိုင်းရင်းသားတွေအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ယန္တရား တည်ဆောက်နိုင်ဖို့ အဖြေရှာရာမှာလည်း ဖြစ်နိုင်ခြေရှိပြီး အနီးဆုံး ဖြစ်နိုင်ခြေရှိတဲ့ အဆင့်ကနေ စမ်းပြီးတော့ နည်းလမ်းရှာမှာသာ အကျိုးရှိမည်ဖြစ်ကြောင်း ဦးခိုင်စိုးနိုင်အောင် က ဆက်ပြောသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဆွေးနွေးဖို့ဆိုတဲ့ သဘောထား မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အဲ့ဒီ အနေအထားကို ရောက်လာတယ်။ အဲ့ဒီ အနေအထားကို ရောက်နေတယ်။ အဲ့ဒါကို ကျနော်တို့ ဘယ်လို အသုံးချကြမလဲ။ အဲ့ဒီ နိုင်ငံရေး ပြသနာကို နိုင်ငံရေးနည်းအရ မလွဲမှားသွားအောင် ဘယ်လိုကြိုးစားကြမလဲ ဆိုတာကိုတော့ ကျနော်တို့ UNFC အနေနဲ့ရော ကျနော်တို့ PPST အနေနဲ့ရော နောက်ပြီး မြောက်ဖက် အဖွဲ့တွေ အနေနဲ့ရော ကျနော်တို့ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးပမ်းကြရင် ပိုပြီး အကျိုးရှိနိုင်တယ်လို့ မြင်ပါတယ်။

 ဒီကနေ့ အစည်းအဝေးကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌ နိုင်ဟံသာ နှင့် အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ဆော်လမွန် တို့ဦးဆောင်သော အဖွဲ့ဝင် ၇ ဦးတက်ရောက်ခဲ့ပြီး NCAအပစ်ရပ် ၈ ဖွဲ့က ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်၊ ABSDF ဥက္ကဌ ရဲဘော် သံခဲ နှင့် KNU ဒုဥက္ကဌ ပဒို စောကွယ်ထူးဝင်း ဦးဆောင်သော အဖွဲ့ဝင် ၈ ဦး တက်ရောက်ခဲ့ကြသည်။