လူထုတွေ့ဆုံပွဲများကျင်းပပြီးမှသာ ၂၁ ရာစုပင်လုံဆက်မည်ဟု ပီပီအက်စ်တီပြော
သတင်းနှင့်မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၁၃ ရက်၊ ၂၀၁၈ ခုနှစ်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လူထုတွေ့ဆုံပွဲများ လုပ်ဆောင်ပြီးမှသာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပသွားမည်ဟု အပစ်ရပ် ၈ ဖွဲ့၏ ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြ သည်။
ဤဆုံးဖြတ်ချက်ကို ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၂ ရက်တာ ကျင်းပပြုလုပ်သည့် အပစ်ရပ် ၈ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ အရေးပေါ် အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“ပြည်ထောင်စုညီလာခံကို ဆက်လက်ကျင်းပဖို့အတွက် ကျနော်တို့ ဆောင်ရွက်မယ်။ သို့သော်လည်းပဲ ခုနကျ နော် တင်ပြသလိုပါပဲ ဒီကြားထဲမှာ ဆောင်ရွက်ရမယ့် အစည်းအဝေးတွေ ဆောင်ရွက်ရမယ့် ကိစ္စတွေ လုပ် ဆောင်ပြီးမှ ကျနော်တို့ အားလုံးပြီးမှ ကျနော်တို့ ကျင်းပနိုင်မှာ ဖြစ်တယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေး နွေးပွဲ ရှမ်းပြည်နယ်မှာ လုပ်လို့မရဘူး။ ရခိုင်မှာက လူထုတွေ့ဆုံ ဆွေးနွေးပွဲ လုပ်လို့မရဘူးဆိုလို့ရှိရင် ဒါက ကျနော်တို့ ဆက်လက် ဆောင်ရွက်ဖို့က အခက်အခဲ ရှိသွားမှာပဲ ဘယ်လောက်ရွေ့မယ်ဆိုတာက ကျနော်တို့ ခုနက ဆောင်ရွက်ရမယ့် ကိစ္စတွေ ကျနော်တို့ ဆောင်ရွက်ပြီးမှသာ ကျနော်တို့ လုပ်ရနိုင်မယ့် အနေအထားရှိ တယ်။” ဟု အပစ် ရပ် ၈ ဖွဲ့၏ ပြောခွင့်ရ ကရင်အမျိုးသားအစည်းအရုံး KNU ဒု-ဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းက ပြောသည်။
နှစ်ရက်တာ ကျင်းပပြုလုပ်သည့် အပစ်ရပ် (၈)ဖွဲ့၏ အရေးပေါ်အစည်းအဝေးအပြီးတွင် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာ ၂၁ရာစုပင်လုံညီလာခံကို ဆက်လက်ပြုလုပ် သွားမည်ဆိုသည့် ဆုံးဖြတ်ချက် အပါအဝင် သဘောတူချက်(၄)ချက်ပါဝင်တဲ့ ထုတ်ပြန်ချက် တစ်စောင်ကို လည်း ထုတ်ပြန်ခဲ့သည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လူထုတွေ့ဆုံပွဲများ ကျင်းပပြုလုပ်နေခြင်းသည် NCA စာချုပ်ပါ သဘော တူညီချက်များအတိုင်း အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များကို ဆောင်ရွက်နေခြင်းဖြစ်သော်လည်း RCSS/ SSA ၊ ALP နှင့် ABSDF တို့ ဦးဆောင်ကျင်းပနေသည့် လူထုတွေ့ဆုံပွဲများကို တပ်မတော်မှ ကန့်သတ်ပိတ်ပင်တားဆီးနေခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်မှုကို ထိခိုက်စေနိုင်သည်ဟု အပစ်ရပ် ၈ ဖွဲ့၏ ခေါင်း ဆောင်များက ပြောသည်။
“ဒါကတော့ တပ်မတော်ဖက်က ဒီငြိမ်းချမ်းရေးကို ပျက်ပြားအောင်ပဲလုပ်နေတာလား ဆိုတာ ကျနော်တို့ ထင် မြင်ချက် ရှိတာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံရေး လုပ်ဆောင်တဲ့နေရာမှာ လူထုနဲ့တွေ့ဆုံမှ ဖြစ်တယ် ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံရေးဆိုတာ လူထုအတွက် လုပ်ဆောင်ခြင်းဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ လူထုနဲ့ တွေ့ဆုံနိုင်မှပဲ ကျနော်တို့ လူထုဆန္ဒကိုသိနိုင်မယ်။ ဒါကြောင့်မို့လို့ လူထုဆန္ဒကို မရရှိနိုင်ပဲနဲ့ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးဖို့ကလည်း အခက်အခဲရှိတယ်။” RCSS/SSA ပြောခွင့်ရ ဒု-ဗိုလ် မှူးကြီး စိုင်းမိဏ်း က ပြောသည်။
RCSS/SSA ၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့သည့် ရှမ်းလူမျိုးများ အလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထုတွေ့ဆုံပွဲကိုလည်း မြို့နယ်အချို့တွင် တပ်မတော်မှ တားဆီးပိတ်ပင်ခဲ့ခြင်းကြောင့် လင်းခေးမြို့တွင် ပြုလုပ်မည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲကို ယာယီရက်ရွှေ့ဆိုင်းထားရသည်။
ထို့အပြင် ဇန်နဝါရီ ၁၂ ရက်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) က ဦးဆောင်ပြီး ပဲခူးမြို့တွင် ပြုလုပ်သည့် ၂၁ ရာစုပင်လုံအကြို လူထုတွေ့ဆုံပွဲကို ပဲခူးတိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးနှင့် သက်ဆိုင်ရာအာဏာပိုင်များက လာရောက်တားမြစ် ခဲ့သည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့်ရရေးနှင့် လူထုတွေ့ဆုံပွဲများ လွတ်လပ်စွာ ကျင်းပခွင့်ရရေး
နိုင်ငံတော်တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာသွားမည်ဟု အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။
အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများကို NCA ရေးထိုးထားသည့် အဖွဲ့ရှစ်ဖွဲ့အနက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နှင့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP)တို့မှ လွဲ၍ ကျန်အဖွဲ့များအားလုံး ပြုလုပ်ပြီးဖြစ်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန္နဝါရီလ နောက်ဆုံးအပတ်တွင် ကျင်းပရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ၏ ၆ ကြိမ်မြောက် အစည်းအဝေးတွင် သဘောတူထားခဲ့ကြသည်။
ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့ အထိ ၅ ရက်တာ ကျင်းပခဲ့ပြီး ဒုတိယအကြိမ်အား ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပခဲ့သည်။