ဇန္နဝါရီလဆန်းပိုင်း RCSS နှင့် တပ်မတော် တိုက်ပွဲ လေးကြိမ်ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၁၃ ရက်၊ ၂၀၁၈ ခုနနှစ်။

အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA နှင့် မြန်မာ့တပ်မတော်တို့အကြား ဇန်နဝါရီလအတွင်း ယခုအချိန်ထိ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့သည်ဟု RCSS/SSA က ပြောသည်။

“တိုက်ပွဲကတော့ ကျနော်တို့ ၄ ကြိမ်လောက် ရှိသွားပြီပေါ့နော ၃ ရက်နေ့မှာရယ် ၆ ရက်နေ့ရယ် ပြီးတော့ ဒီ ၇ ရက်နေ့မှာရယ်ပေါ့နော တိုက်ပွဲအကြိမ်ပေါင်း ၄ ကြိမ်လောက်ရှိပြီပေါ့နော။” RCSS/SSA ပြောခွင့်ရ ဒု-ဗိုလ် မှူးကြီး စိုင်းမိဏ်း က ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများမှာ လွိုင်လင်မြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်တို့တွင် ၃ ကြိမ်နှင့် ကျေးသီးမြို့နယ်တွင် တစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု RCSS/SSA က ပြောသည်။

အစိုးရတပ်မတော်က RCSS/SSA အဖွဲ့ဝင်များရှိသည့် နေရာသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒု-ဗိုလ်မှူးကြီး စိုင်းမိဏ်း က ဆက်ပြောသည်။

“များသောအားဖြင့် ကျနော်တို့တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့နေရာကို တပ်မတော်က သွားပြီးတိုက်တယ်။ သူတို့သွားပြီးတော့သိသိကြီးနဲ့ ဝင်တိုက်တာပေါ့နော။ သွားပြီးတော့ ချေမှုန်းတဲ့သဘော ကျနော်တို့ ကျေးသီးတို့ဘာတို့လို အဲဒီနယ်မြေမှာ ဒီရှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းလိုနေရာတွေမှာလည်း ကျနော်တို့ တပ်ဖွဲ့ဝင်တွေရှိတယ်။ အရင်ကတည်းက ရှိခဲ့တာပေါ့နော ဒီနေရာမှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ နေရာချထားတဲ့နေရာမှာ ရှိတာကို သူတို့သက်သက်ဝင်တိုက်တာပေါ့နော။ တစ်နေရာမှာဆို ကျနောတို့ သူတို့ သွားတိုက်တာဆို ကျနော်တို့ တပ်ဖွဲ့ဝင် ၄ ဦးပဲရှိတယ်။ နေလည်စာထမင်းစား နေတဲ့အချိန်မှာ ဝင်ပစ်တာပါ။”

တိုက်ပွဲဖြစ်ပွားခဲ့သည့် အခြေအနေနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပေ။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို အစိုးရတပ်မတော်က လိုက်နာမှုမရှိသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု RCSS/SSA က စွပ်စွဲပြောဆိုသည်။

“ကျနော်တို့ အပစ်ရပ်ထားတဲ့ သဘောတူညီချက်တွေ အပေါ်လေးစားလိုက်နာမှု မရှိဘူးလို့ ဒီလိုပဲ ဆိုလိုရမှာပေါ့နော။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ တပ်တွေကိုတွေ့တယ် ကျနော်တို့ ဆက်သွယ်လို့လည်းရတယ်။ ဆက်ဆံရေးရုံးတွေလည်းရှိတယ်။ ဒါတွေကို ဆက်သွယ်လို့ရတဲ့ အခြေအနေထဲမှာ သွားပြီးတိုက်တယ်ဆိုတာကတော့ ဒါကတော့ကျနော်တို့ အပစ်ခတ်ရပ်စဲထားတဲ့ သဘောတူညီချက်တွေအပေါ် မလိုက်နာတဲ့သဘောမျိုးသက်ရောက်ပါတယ်။” ဟု ဒု-ဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ၄ ကြိမ်အပါအဝင် ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အစိုးရတပ်မတော်နှင့် တိုက်ပွဲ စုစုပေါင်း၂၇ ကြိမ် ဖြစ်ပွားခဲ့သည်ဟု RCSS/SSA က ပြော သည်။