အပစ်ရပ်အဖွဲ့များလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့်တွေ့ဆုံရန် ကြိုးပမ်းမည်။

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၁၃ ရက်၊ ၂၀၁၇ ခုနှစ်။

ဗိုလ်ချုပ်မှူးကြီး စောမူတူးစေးဖို့ ဦးဆောင်သည့် အပစ်ရပ် (၈) ဖွဲ့မှ ထပ်သီးခေါင်းဆောင်များအနေဖြင့် ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပနိုင်ရေးအပြင် NCA အကောင်အထည် ဖော်ဆောင်သည့်နေရာတွင် တစ်စို့နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဖြေရှင်းနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် အကြီးအကဲများနှင့် အလွတ်သဘော တွေ့ဆုံရန် ကြိုးပမ်းသွားမည်ဟု ပြောသည်။

“ဒီဥစ္စာကို ကျော်လွှားနိုင်ဖို့အတွက် အစိုးရနှင့် တပ်မတော် နှစ်ဖက်စလုံးက သဘောတူညီမှု ရှိဖို့ လိုအပ်တဲ့ အတွက်ကြောင့် ကျနော်တို့တွေ့ဖို့ သဘောတူထားတယ်။ ဆုံးဖြတ်ထားတယ်။ အမြန် ဆုံးလည်းတွေ့နိုင်ဖို့ ကျနော်တို့ ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ကရင်မျိုးသား အစည်း အရုံး KNU ဒု-ဥက္ကဌ ပဒို စောကွယ်ထူးဝင်း က ပြောသည်။

အပစ်ရပ် (၈) ဖွဲ့ မှ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်ပြီး အဖွဲ့ဝင် ၅ ဦးတို့က သွားရောက်တွေ့ဆုံရန် ပြင်ဆင်ထားသည် ဟု အပစ်ရပ် ၈ ဖွဲ့၏ ခေါင်းဆောင်များက ပြောသည်။

လက်ရှိအခြေအနေတွင် NCA ကို အကောင်အထည်ဖော်ရာတွင် အခက်အခဲများရှိနေခြင်းကြောင့် NCA စာချုပ်ချုပ်ဆိုရခြင်း၏ ရည်ရွယ်ချက်များ အောင်မြင်စေရေးအတွက် အခြေခံနားလည်မှုများ ကွဲလွဲချက်များအပေါ် ဆက်လက်ဆွေးနွေးညှိနှိုင်းအဖြေရှာသွားမည်ဟု ၂ ရက်တာ ကျင်းပပြုလုပ်သည့် အပစ်ရပ် ၈ ဖွဲ့၏ အရေးပေါ် အစည်းအဝေးအပြီး ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

အစိုးရ၊ တပ်မတော် ခေါင်းဆောင်များနှင့် NCA လက်မှတ်ထိုးရှစ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ အခက်အခဲများနှင့် ပတ်သက်ပြီး အမြန်ဆုံး တွေ့ဆုံဆွေးနွေးသွားမည် ဟု PPST ခေါင်းဆောင်များက ပြောသည်။

“NCA အပေါ်မှာ ကျမတို့ရဲ့ သွားရာလမ်းကြောင်းက တူဖို့ကအရေးကြီးပါတယ်။ အစိုးရဖက်နဲ့ ကျမတို့ဖက်မှာ အမြင်တွေ NCA အပေါ်မှာ ရှင်းရှင်းလင်းလင်း မြင်ဖို့က အရေးကြီးပါတယ်။ အဲလိုအချက်တွေ အားလုံးကို အပြုသဘောဆန်ဆန်နဲ့ ကျမတို့ အစိုးရနဲ့ အနာဂတ်ကောင်းစားရေးကို တိုင်းပြည်ရဲ့ ကောင်းစားရေး တိုင်းသူပြည်သားကောင်းစားရေးအတွက် မျှော်ကိုးပြီးမှ ကျမတို့ စိတ်ရှည်ထားပြီးတော့ ဆွေးနွေးရမယ့် အခြေအနေလည်း ရှိပါသေးတယ်” ဟု ရခိုင်အမျိုးသားပါတီ ALP မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်း ကပြောသည်။

NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်အရ ပြုလုပ်ဆောင်ရွက်ရမည့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံပွဲများအပေါ် လျစ်လျူရှု့ခြင်း၊ ကန့်သတ်ပိတ်ပင်ခြင်းများ ရှိနေသည့်အတွက် နိုင်ငံတော်တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာသွားမည်ဟု PPST ၏ အရေးအပေါ် အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

မကြာသေးမီရက်ပိုင်းများ အတွင်းကလည်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ (UNFC) ကလည်း အစိုးရနှင့် တပ်မတော် ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုထားသော်လည်း အစိုးရဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးပါ။

ယင်းတွေ့ဆုံရန် ကြိုးပမ်းမှုများနှင့် ပတ်သက်၍ အစိုးရငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူများအား ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်တော် KNLA၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/PC ၊ ဒီမိုကရေစီ အကျိုးပြု တပ်မတော် DKBA၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALPနှင့် ချင်းအမျိုးသားတပ်ဦး CNF တို့သည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထိုးထားသည်။