တနိုင်းဒေသနှင့် လီဒို လမ်းတလျောက် တိုက်ပွဲများ ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၁၈ ခုနှစ်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် မြန်မာ့တပ်မတော်တို့ကြား ကချင်ပြည်နယ် တနိုင်းဒေသအတွင်း နှင့် လီဒိုလမ်းမကြီး တစ်လျှောက်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

ဇန္နဝါရီ ၂၁ ရက်က လီဒိုလမ်းမပေါ်ရှိ တိန်ကောက်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့တွင် တနိုင်းဒေသအတွင်းရှိ ရှဒူးဇွပ်ကျေးရွာအနီးတွင် ဆက်လက်ဖြစ်ပွားခဲ့သည်။

“ဒီနေ့က ရှဒူးဇွပ်ဘက်မှာ တိုက်ပွဲဖြစ်တယ်။ ရှဒူးဇွပ်မှာ ညနေ ၆ နာရီလောက်ကစပြီး တိုက်ပွဲတွေ ဖြစ်တယ်။ ရွာနဲ့တော့ နည်းနည်းဝေးတယ်။ တိန်ကောက်မှာတော့ မနေ့ညကဖြစ်တယ် တစ်နာရီခွဲ လောက်ကြာမယ်။ နောက်ပြီး ဒီမနက်တော့ တိန်ကောက်မှာ တိုက်ပွဲတော့မဖြစ်တော့ဘူး။ လက်နက် ကြီးတွေနဲ့ပစ်တာတော့ မနက်အထိပေါ့။ ပစ်လိုက်ရပ်လိုက်ပဲ” ဟု တနိုင်း ဒေသခံတစ်ဦးက ပြောသည်။

တိန်ကောက်ကျေးရွာတွင်မူ လိမ္မော်ခြံတွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံက ပြောသည်။

“မနေ့က ညနေ ၅ နာရီ ခွဲလောက်က တိန်ကောက်အလွန် လိမ္မော်ခြံမှာဖြစ်ကြတာ။ တစ်နာရီခွဲကျော် နှစ်နာရီ နီးပါးလောက်ထိဖြစ်တယ်။ တိန်ကောက်ရွာက ဒီစာသင်ကျောင်း မူလတန်းကျောင်းရှေ့မှာရှိတဲ့ ပိုက်လုံးထည့်ဖို့ မြောင်းတူးထားတဲ့ နေရာအဲ့ထဲကနေ ပစ်နေကြတယ်။ လူတွေကတော့ အပြင်မထွက်ကြဘူး။ အိမ်တွေထဲမှာ နေကြတယ်။ ဒီမနက်တော့ လက်နက်ကြီးတွေပစ်ခတ်တာရှိတယ်။ တိုက်ပွဲတော့မဟုတ်ဘူးပေါ့နော်။ စစ်တပ်ကပစ်တာပေါ့”

တိန်ကောက်ကျေးရွာတွင် ဖြစ်ပွားသည့် တိုက်ပွဲနှင့် ကျေးရွာအတွင်း ကျရောက်လာသည့် လက်နက်ကြီးကျည်များကြောင့် ဒေသခံများ စိုးရိမ်နေသည်ဟု ပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) နှင့် အစိုးရတပ်မတော်တို့အကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည် ဟု KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကမူ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

လက်ရှိတွင် အစိုးရတပ်မတော်က ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ၏ တနိုင်းဒေသရှိ တပ်မဟာ ၂ တပ်ရင်း ၁၄ ဖက်နှင့် မန်စီမြို့နယ်ရှိ တပ်မဟာ ၃ မန်ဝိန်းကြီးဒေသများတွင် ထိုးစစ်များ ရုတ်သိမ်းခြင်း မရှိသည့်အတွက် စစ်ရေးတင်းမာနေသည့် အခြေအနေတွင် ရှိနေသည်ဟု KIO က ပြော သည်။

“စစ်ရေးတင်းမာတယ်။ နေရာကတော့ အခုနကပြောတဲ့ တနိုင်းဘက်မှာပေါ့နော်၊ ဒီဟူးကောင်းချိုင့်ဝှမ်းနဲ့ လီဒိုလမ်းတလျှောက်မှာလည်း တပ်မတော်ကနေ ထိုးထားတဲ့ စစ်ဆင်ရေးတွေက ရုပ်သိမ်းတာမရှိဘူး။ နောက် တပ်ရင်း ၂၇ ပေါ့ ဒီမန်ဝိန်းကြီး၊ မန်စီမြို့နယ် အဲ့ဒီဘက်မှာလည်း တပ်မတွေ တပ်မ ၇၇၊ ၈၈၊ ၉၉ အားလုံးရှိတာကိုး၊ နယ်ခံတပ်ရင်းတွေပြန်ရှိတယ်ဆိုတော့ အဲ့ဒီမှာလည်း ပြန်ရုပ်သိမ်းထားတာ ဘာမှမရှိတဲ့အခါကြတော့ အဲ့ဘက်လည်း တိုက်ပွဲက အချိန်မရွေးပြန်ဖြစ်နိုင်တယ်” ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော်နှင့် အစိုးရတပ်မတော်တို့အကြား ယခုကဲ့သို့ တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည် ဖြစ်ပွားရသည့်အပေါ် ဗိုလ်မှူးကြီး နော်ဘူက ယခုလို သုံးသပ်ပြောဆိုသည်။

“နယ်မြေ စိုးမိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ သူတို့တကယ်လိုချင်တဲ့ သိမ်းချင်တဲ့နေရာတွေ မရမချင်းကတော့ စစ်ဆင်ရေးက ဆက်တိုက်ဆက်တိုက်လုပ်နေတာကတော့ အခုထက်ထိ ရှိနေတယ်လို့ ပြောလို့ရတယ်။ ဥပမာ တနိုင်းဘက်မှာလည်း တပ်ရင်း ၁၄ နယ်မြေဘက်မှာ နယ်မြေရှင်းလင်းရေးဆိုတာက အားလုံးကတော့ ပြီးစီးမှုမရှိသေးဘူးလို့ သူတို့ကတော့ ခံယူထားတာပေါ့။ အဲ့ဒါကြောင့် စစ်ရေးတင်းမာမှုက ဆက်ဖြစ်နေတယ်လို့ ကျနော်ပြောလိုတယ်။”

ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းမှစတင်ကာ မန်စီမြို့နယ်ရှိ ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း(၁၂ နှင့် ၂၇) ပတ်ဝန်းကျင်တွင် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည့်အတွက် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သေးသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ ညတွင် အစိုးရတပ်မတော်က ကေအိုအေဌာနချုပ် လိုင်ဇာအနီးသို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲရာ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။