စခန်းအနီး လက်နက်ကြီးကျ၍ ဆွမ်ပရာဘွမ် စစ်ရှောင်များ ထပ်မံထွက်ပြေးရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၁၈ ခုနှစ်။

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကချင်စစ်ဘေးရှောင် စခန်းများအနီးသို့ အစိုးရတပ်က ပစ်သောလက်နက်ကြီးကျည်များ ကျရောက်ခဲ့သည့်အတွက် စစ်ရှောင်တစ်ထောင်နီးပါး ထပ်မံထွက်ပြေး တိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)နှင့် အစိုးရ စစ်တပ်တို့အကြား ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၂၂ ရက် က အင်ဒွပ်ယာန်၊ အင်ထန်းဇွပ်နှင့် လော့ဒ်မိုင်ယာန်စသည့် စစ်ရှောင်စခန်းများအနီးသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု စစ်ဘေးရှောင် ဒေါ်နှောနှောက ပြောသည်။

 “အင်ဒွပ်ယာန်နဲ့ အင်ထန်းဇွပ် Camp အဝင်နားပေါ့နော် သိပ်မဝေးဘူး။ အဲ့ဘက်မှာ လက်နက်ကြီးတွေကျတယ်။ အမြှောက်တွေနဲ့ ပစ်တာပေါ့လေ။ အင်ထန်းဇွပ်က မြစ်ဆိပ်နားမှာ။ မလိခမြစ်ဘေးနားပဲ။ အင်ထန်းဇွပ်နဲ့ လော့ဒ်မိုင်ယာန်က မြစ်ပဲခြားတာပေါ့နော်။ အခုက အဲ့ Camp က လူတွေက ထွက်ပြေးကြပြီ။ လမ်းဘေးတလျှောက်မှာ နေနေရတယ်။ လူဦးရေတော့ တစ်ထောင်ကျော်လောက်ရှိမယ်ထင်တယ်”

အစိုးရတပ်မတော်က ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ရွှေမှော်များကို နယ်မြရှင်းလင်းရေး လုပ်ဆောင်မည်ဟု ပြောဆိုလာပြီးနောက် လက်နက်ကြီးများဖြင့် ပစ်ခတ်လာရာ ယမန်နေ့က စစ်ဘေးရှောင်စခန်းအနီးသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့သည်ဟု စစ်ဘေးရှောင်များက ပြောသည်။

“သူတို့က အစကတော့ ရွှေမှော်တွေ၊ ရွှေတူးတဲ့စက်တွေနော်၊ ရွှေလုပ်တဲ့လူတွေကိုပဲ ရှင်းလင်းရေးလုပ်တယ်လို့ပြောတာ။ နောက်တော့ တဖြည်းဖြည်းနဲ့ ရွာတွေ၊ ဒုက္ခသည်စခန်းတွေဘက်ကိုပါ ပစ်လာတယ်လေ။ နယ်မြေက ဒီဘက်ကိုအထိ ချဲ့လာတာပေါ့။ အနီးမှားလည်း KIO ပို့စ်နဲ့ သိပ်မဝေးဘူး။ အဲ့ဘက်ကို ဝင်ချင်တာလားမသိဘူးလေ” ဟု ဒေါ်နှောနှောက ဆက်ပြောသည်။

နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်မရပဲ တရားမဝင် လုပ်ဆောင်နေသည့် ရွှေမှော်များကို အစိုးရတပ်မတော်က နယ် မြေရှင်းလင်းရေး လုပ်ဆောင်မှုများရှိသည်ဟု ဆွမ်ပရာဘွမ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဒွဲ က ပြောသည်။

ကျနော်တို့ ဆွမ်ပရာဘွမ် ဧရာဝတီ မြစ်ကြောလမ်းကို တရုတ်တချို့တွေပေါ့ လုပ်ငန်းရှင်တွေပေါ့ အဲဒါတွေက ဘာမှ နိုင်ငံတော်ရဲ့ ခွင့်ပြုချက်မရှိပဲ ဒီမှာခိုးလုပ်တာပေါ့။ ရွှေပေါ့။ မလိယန်ဖက်မှာတော့ ရွှေလည်းတော်တော် လည်းထွက်ပါတယ်။ အဲဒါကြောင့် အဲဒီ မလိယန်ဖက်မှာ ရွှေဖောင်တွေရော နောက်ပြီးမှ ဘက်ဖိုးတွေရော အဲလို မျိုးရွှေကျင်တာတွေတော့ ရှိပါတယ်။ အဲဒါကို သူတို့က နယ်မြေရှင်းတာ အဲဒါကြောင့် လက်နက်ကြီးတွေနဲ့ထု ကျနော်တို့ ဆွမ်ပရာဘွမ် ကျနော်မဲဆန္ဒနယ်က အုပ်ချုပ်ရေးမှူးတွေကိုလည်း လမ်းပြခိုင်းပြီးတော့မှ အဲလိုမျိုး နယ်မြေရှင်းလင်းတာတော့ ရှိပါတယ်။”

အစိုးရ တပ်မတော်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွှေမှော်များတွင် လုပ်ကိုင်လျက်ရှိသော ရွှေမှော်လုပ်သားတချို့က ၎င်းဒေသရှိ ကျေးရွာများသို့ ထွက်ပြေးကြရပြီး တချို့မှာ မိမိတို့၏ အိမ်သို့ ထွက်ပြေးလာကြသည်ဟု ဦးဇော်ဒွဲက ဆက်ပြောသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ ယမန်နေ့က ဆွမ်ပရာဘွမ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် အခြေအနေကို ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အို/ကေအိုင်အေ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ယခုလိုပြောသည်။

“မနေ့ကတော့ ဒီဆွမ်ပရာဘွမ်နဲ့ ဆွမ်ပရာဘွမ်ရဲ့ အရှေ့မြောက်ဖက်မှာကျမှာပေါ့ အင်ဒွန့်ယန်ဆိုတဲ့ စစ်ရှောင်စခန်းပေါ့ အဲဒီ အနီးအနားမှာ တိုက်ပွဲတွေဖြစ်တယ်။ ဒါပေမယ့် ဒီ မလိခရဲ့ အနောက်ဖက်မှာဖြစ်တာ ကေအိုင်အေနဲ့ တပ်မတော်တွေ တိုက်ပွဲဖြစ်တာကတော့ မလိခရဲ့ အနောက်ဖက်ကမ်းလောက်မှာ ဖြစ်ပါတယ်။ သူတို့အချင်းချင်း ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ကြတာဖြစ်ပါတယ်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်ကာ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)နှင့် အစိုးရ တပ်မတော်တို့အကြား ၎င်းဒေသအနီးတွင် နေတိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်ပတ်ခန့်ရှိလာပြီဟု စစ်ဘေးရှောင်များက ပြောသည်။

ဆွမ်ပရာဘွမ်မြို့နယ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တပ်မဟာ ၁ လက်အောက်ခံတပ်ရင်းများနှင့် အစိုးရတပ်မတော်တို့အကြား ၂၀၁၈ ဇန်နဝါရီလ လလယ်ပိုင်းမှ စတင်ကာ တိုက်ပွဲများမှာ ကြိုကြား ကြို ကြား ဖြစ်ပွားနေသည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) နှင့်အစိုးရ တပ်မတော်တို့အကြား နှစ်ဖက် ထိတွေ့တိုက်ပွဲ အနည်းဆုံး ၅ ကြိမ်ခန့်ဖြစ်ပွားခဲ့သည်ဟု ကေအိုင်အို/ကေအိုင်အေက ပြောသည်။