လိပ်ကျွန်း လူသတ်မှု အယူခံ ကြားနာမှု တလထပ်မံ ရွှေ့ဆိုင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၂၄ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

ထိုင်းနိုင်ငံ တောင်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ သေဒဏ်ကျခံနေရသော မြန်မာနှစ်ဦး၏ နောက်ဆုံး အယူခံတင်သွင်းမှုအတွက် ထိုင်းအစိုးရ ရှေ့နေဖက်က အဆင်သင့် မဖြစ်သေးသည့်အတွက် ၅ ကြိမ်မြောက်အဖြစ် တစ်လ ထပ်မံ ရက်တိုးလိုက်သည်ဟု အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် မှ ပြောသည်။

ဗြိတိန်နိုင်  ငံသားနှစ်ဦးဖြစ်သည့် ဒေးဗစ် မေလာ နှင့် ဟန်နာ ဝစ်သာရစ်ဂျ် တို့နှစ်ဦး သတ်ဖြတ်ခံရသည့် လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်း တို့ နှစ်ဦး၏ နောက်ဆုံး အယူခံ တင်သွင်းထားမှုကို ထိုင်း အစိုးရရှေ့နေဖက်မှ ယနေ့ ဇန္နဝါရီလ ၂၄ ရက်နေ့တွင် လျှောက်လဲချက် ပြန်တင်ရန် အဆင့်မြင့် တရားရုံးမှ အမိန့်ချထားခဲ့ခြင်း ဖြစ်သည်ဟု မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့မှ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။

အခုပဲ ထိုင်းရှေ့နေများကောင်စီ ဆီကို သူတို့ အကြောင်းကြားလာတယ်လေ။ ၂၂ ရက် ၂ လ ၂၀၁၈ ကို ပြန်ချိန်းပါတယ်။ ဒါဆိုရင် ၅ ကြိမ်မြောက် ရုံးချိန်းပေါ့လေ၊ အစိုးရရှေ့နေဖက်က မတင်နိုင်သေးလို့ ရက်ချိန်းတွေ ပေးရတဲ့ သဘောပါ။ ရက်ချိန်းထပ်တောင်းတဲ့ သဘောပါ ဒါကို တရားရုံးက ခွင့်ပြုလိုက်တဲ့ သဘောပေါ့။ သူတို့ဖက်ကတော့ ရှင်းရှင်းပြောရရင် တင်ဖို့အတွက် အဆင်သင့်မဖြစ်သေးလို့ ရက်ချိန်း ထပ်တောင်းတဲ့ သဘောပါပဲ။ ဒါပေမယ့် သူတို့ အစိုးရရှေ့နေ ကိုယ်တိုင်ကလည်း နိုင်ငံတော် ဝန်ထမ်းဖြစ်တယ်ဆိုတော့ သူတို့ရဲ့ တင်ပြချက်ကို တရားရုံးက လက်ခံပေးလိုက်တဲ့ သဘောပါပဲ။

မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်းတို့၏ နောက်ဆုံး အယူခံကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့၌ ထိုင်းအဆင့်မြင့် တရားရုံးမှ လက်ခံခဲ့ပြီး ၎င်းအယူခံနှင့် ပတ်သက်၍ အစိုးရရှေ့နေတွေဖက်မှ လျှောက်လဲချက် ပေးရမည့် ရက်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှာ လျှောက်လဲချက်တင်ပေးဖို့ သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ထိုင်းရုံးပိတ်ရက်များနှင့် တိုက်ဆိုင်နေသည့်အတွက် တစ်လ ထပ်မံတိုးပေးရန် တောင်းဆိုခဲ့သောကြောင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ နောက်ဆုံးလျှောက်လဲချက် တင်ပေးရန် သတ်မှတ်ခဲ့ရာတွင် အဆင်သင့်မဖြစ်သေးသောကြောင့် တတိယအကြိမ်မြောက် တစ်လ ထပ်မံတောင်းဆို ခဲ့ခြင်းအပေါ် ထိုင်း အဆင့်မြင့် တရားရုံးမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် လျှောက်လဲချက် တင်ပေးရန် ထပ်မံ ခွင့်ပြုခဲ့သည်။

ထိုင်းအစိုးရရှေ့နေကို တစ်လထပ်မံရက်တိုးပေးခဲ့သော်လည်း လျှောက်လဲချက် မတင်နိုင်ခဲ့တာကြောင့် စတုတ္တအကြိမ်မြောက် ၂၀၁၈ ခုနှစ် ဇန္နဝါရီလ ၂၂ ရက်နေ့မှာ နောက်ဆုံးထား တင်ပေးဖို့ ထိုင်းအဆင့်မြင့် တရားရုံးက စောင့်ဆိုင်းခဲ့ရာမှာ မတင်လာသည့်အတွက် ဒီကနေ့ ၂၄ ရက်နေ့အထိ နောက်ဆုံးထား တင်ပေးရန် သတ်မှတ်ခဲ့သော်လည်း အဆင်သင့်မဖြစ်သေးသည့်အတွက် တစ်လ ထပ်မံ ရက်တိုးပေးရန် တင်ပြခဲ့သည့်အတွက် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့အထိ တစ်လ ထပ်မံ တိုးပေးခဲ့ခြင်းဖြစ်သည်။

ထိုင်းအဆင့်မြင့်တရားရုံးမှ ၅ ကြိမ်မြောက်အဖြစ် ထိုင်းအစိုးရရှေ့နေဖက်ကို လျှောက်လဲချက်ပေးဖို့ တစ်လစီ ရက်တိုးတောင်းဆိုလာခြင်းနှင့် ပတ်သက်၍ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် မှ ယခုလို ပြောသည်။

တကယ်ဆိုရင် ဒီအမှုဟာ ထိုင်းနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး Prime Supreme ဒီလိုရောက်တဲ့အခါမှာ ဒီကချတဲ့ အမိန့်သည် အမြဲတမ်း အန်ကယ်တို့သိရသလောက်က မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ရပါတယ်။ ဒါပေမယ့် အဲ့လို ဆုံးဖြတ်ချက်ကို ပေးတဲ့အချိန်မျိုးမှာ တရားလိုဖက်က အယူခံလျှောက်လွှာတွေနဲ့ အတူတူ ဒီအခုလို တဖက်ကနေပြီးတော့ အစိုးရရှေ့နေပေါ့လေ ဒီဖက်ကနေပြီးတော့ ခုခံချေပလျှောက်လဲချက်တွေကိုလည်း လက်ခံရတဲ့အထိ စောင့်ပေးပါတယ်။ အဲ့ဒါမှသာလျင် နှစ်ဖက်ကိုကြည့်ပြီးတော့ ဆုံးဖြတ်ချက် ချပေးတဲ့ အခါမှာ မှန်ကန်မျှတတယ်လို့ သူတို့ယူဆလို့ပါ။ အခုလည်း ဒီအမှုမှာ အန်ကယ်တို့ဖက်က တင်ထားတာ ကြာပြီး ဖြစ်ပေမယ့်လည်း အခုအချိန်အထိ သူတို့ဖက်က လျှောက်လဲချက်ကို တင်အောင်လို့ တတ်နိုင်သမျှ တရားရုံးတော်က စောင့်ပေးတယ်လို့ မြင်ပါတယ်။

မြန်မာနိုင်ငံသား ကိုဇော်လင်း နှင့် ကိုဝင်းဇော်ထွန်း တို့နှစ်ဦးသည် ဗြိတိန်နိုင်ငံသားနှစ်ဦးအား သတ်ဖြတ်မှုဖြင့် ထိုင်းနိုင်ငံ တောင်ပိုင်း ကော့စမွေတရားရုံးမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သေဒဏ် ချမှတ်ခံခဲ့ရပြီး ထိုင်းရှေ့နေများကောင်စီ နှင့် မြန်မာရှေ့နေများ ပ့ူးပေါင်း၍ ထိုင်းအယူခံ တရားရုံးတွင် နှစ်ကြိမ်တိုင်တိုင် အယူခံတင်ခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း ထိုင်းအယူခံ တရားရုံးအဆင့်ဆင့်မှ ပယ်ချခဲ့ပြီး သေဒဏ်အပြစ်ပေးကြောင်း ဆက်လက် အတည်ပြုခဲ့သည်။

ယခုနောက်ဆုံး  စာမျက်နှာ ၃၁၉  မျက်နှာပါရှိသည့် အချက်အလက်များ စုစည်း၍ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ကော့စမွေ တရားရုံးမှတဆင့် အဆင့်မြင့် ထိုင်းအယူခံတရားရုံးတွင် နောက်ဆုံးအယူခံ တင်ထားခြင်းဖြစ်သည်။