ရှမ်းမြောက် စစ်ရှောင် ၁ ထောင်ခန့် အိမ်ပြန်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၁၈ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တိုက်ပွဲများကြောင့် ကျောက်မဲမြို့သို့ စစ်ဘေးရှောင်လာကြသည့် စစ်ဘေးရှောင် တစ်ထောင်ကျော်အနက် ကိုးရာကျော် နေရပ်ပြန်မည်ဟု စစ်ဘေးရှောင်များက ပြောသည်။

“အခြေအနေကောင်းတော့ အဲမှာ ကျောက်ဖြူလေးရယ်။ အာပြောင်ရယ်ကတော့ ပြန်ကြမှာ ၂ ရွာပေါ့နော်။ အဲမှာကတော့ ၆၀၀ လောက်ရှိလိမ့်မယ်။ မိုင်ငေါ့မှာ စခန်းတစ်ခုရှိတယ်လေ အဲဒါကျတော့ ဒီနေ့ပြန်ကြပြီ သူတို့ကျတော့ လူဦးရေ ၃၀၀ လောက်ရှိလိမ့်မယ်။ ကိုက်တိုင် (ကြက်သေ) ကတော့ ကျန်ခဲ့အုံးမှာ” ဟု ကျောက်ဖြူလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောလှိုင်က ပြောသည်။

စစ်ဘေးရှောင်များက ၎င်းတို့၏ ဒေသအတွင်း စစ်ပွဲများ မရှိတော့သည့်အတွက် ပြန်သွားကြခြင်းဖြစ်သည်ဟု ကျောက်မဲမြို့နယ် ကျားခေါင်းပါတီ ဗဟိုကော်မတီဝင် စိုင်းသန်းမောင်က ပြောသည်။

ဒီနေ့ မနက်ဖြန် သဘက်ခါ ၃ ရက်အတွင်းတော့ ပြန်ကြမယ်လို့တော့ ပြောပါတယ်။ တိုက်ပွဲတွေ မရှိတော့ ပြန်ချင်တာပေါ့ ကိုယ့်အိမ်ကို ကိုယ့်ရွာကို စွန့်လာတဲ့လူတွေကလည်း ရွာကိုနှမြောတယ်။ သူတို့တစ်ရွာလုံးကို ရွာလုံးကျွတ်ပြောင်းလာ ပြေးလာတယ်ဆိုတော့ ကိုယ့်အိမ်ပြန်ပြီးတော့ ပြန်နေတဲ့သဘောပေါ့ဗျာ။ ကိုယ့်အိမ်ကိုယ့်ရွာကို လွမ်းတယ် သတိရတယ်။ အိမ်တွေကို သူခိုးတွေ ဝင်တယ် အဲဒါကြောင့်မို့လို့ အားလုံးပြန်ကြမှာ။ စစ်ရှောင်စခန်းက ၄ ခု ရှိတယ်”

စစ်ဘေးရှောင်များမှာ ဇန်နဝါရီလ ၂၅ ရက်နေ့ ယနေ့တွင် စတင်ပြန်ကြမည်ဖြစ်ပြီး ကိုက်တိုင် (ကြက်သေ) ကျေးရွာရှိ စစ်ဘေးရှောင် ၄၀၀ ခန့်က ၎င်းတို့ကျေးရွာ အနီးတစ်ဝိုက်တွင် နယ်မြေတည်ငြိမ်မှု မရှိသေးသည့်အတွက် မပြန်သေးရန် ဆုံးဖြတ်ထားသည်ဟု သိရသည်။

ကိုက်တိုင်(ကြက်သေ)၊ ကျောက်ဖြူလေးကျေးရွာ၊ အာပြောင်ကျေးရွာနှင့် မိုင်းငေါ့ ဒေသများတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်ခန့်မှစတင်ကာ မြန်မာ့တပ်မတော်၊ RCSS/SSA နှင့် PSLF/TNLA တို့ အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ကျောက်ဖြူလေးကျေးရွာ၊ အာပြောင်ကျေးရွာနှင့် မိုင်းငေါ့ရှိ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များမှာ ဒေသ အတွင်း နယ်မြေအခြေအနေ တည်ငြိမ်လာသည့်အတွက် ၎င်းတို့ကိုယ်တိုင် ပြန်ရန်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည် ဟု ဦးစောလှိုင် က ဆက်ပြောသည်။

“ဒါက ရွာသားတွေရဲ့ ဆုံးဖြတ်ချက်ပါ။ အခြေအနေကတော့ ယုံကြည်စိတ်ချရတဲ့ အခြေအနေရှိပါတယ်။ အခု အချိန်မပြန်ရင်လည်း မဖြစ်ဘူး။ အခုကတည်းက ခြံတွေ ဘာတွေ မပြီးကြသေးဘူးလေ။ ခြံတွေ ဘာတွေ ရမ်း ရအုံးမှာ ထင်းတွေဘာတွေ ခုတ်ရအုံးမှာလေ။ ဒါကြောင့်မို့ အခြေအနေ ပေးလာလို့လည်း ပြန်ချင်ကြတာပေါ့လေ။”

စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန် ကျောက်မဲမြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့က ကားများစီစဉ်ပေးသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

စစ်ဘေးရှောင်များမှာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်နှင့် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန့်ဆန်မြို့နယ်အစပ်က ကျောက်ဖြူလေး၊ အာပြောင်၊ ဟင်ကြိုင်း၊ ကြက်သေ စသည့်ရွာများက ဒေသခံများ ဖြစ်သည်။

လွန်ခဲ့သည့် အပတ်က စစ်ဘေးရှောင်များ၏ ကျေးရွာအနီးတစ်ဝိုက်တွင် လက်နက်ကိုင်များထောင်ထားသည့် မြေမြုပ်မိုင်းများကြောင့် ဒေသခံ ၂ ဦးမှာ မိုင်းနင်းမိကာ သေဆုံးသွားသည့်အပြင် တိုက်ပွဲများမှာ ကြိုကြားကြိုကြား ဖြစ်ပွားနေသေးသည်အတွက် ဒေသခံများအတွက် စိုးရိမ်နေရဆဲဖြစ်သည် ဟု စိုင်းသန်းမောင်က ဆက်ပြောသည်။

ကျနော်တို့က တတ်နိုင်ရင်ပေါ့ ပြည်တွင်းစစ်ကို မတိုက်စေချင်ဘူး။ ဖြစ်နိုင်ရင်ပေါ့နော ကျနော်တို့ ယုံကြည်မှု တည်ဆောက်နေတဲ့ အချိန်ကြီးမှာ တိုင်းရင်းသား တစ်မျိုးနဲ့ တစ်မျိုးကို လက်နက်ကိုင်ချင်း လက်နက်ကိုင်လို့ သူတို့လည်းပြောပါတယ်။ လက်နက်ကိုင်ချင်း တိုက်ချင်တိုက်ကြလေ ရွာကိုတော့ ဒီလိုဗုံးကြဲတာတော့ မဖြစ်သင့်ဘူးပေါ့။ ရွာသားတွေက အဲလိုပဲ ငိုယိုကြတာပဲလေ။ ငြီးကြတယ်။”

စစ်ဘေးရှောင်များမှာ ကျောက်မဲမြို့ပေါ်သို့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ ထွက်ပြေးရောက်ရှိလာကြပြီး ၎င်းတို့ကို ကျောက်မဲမြို့ရှိ ဘုန်းကြီးကျောင်းများတွင် နေထိုင်စေပြီး စားဝတ်နေရေးကို ဒေသခံများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ကူညီလုပ်ဆောင်ပေးခဲ့ကြသည်။