ပဋိပက္ခများ ဖြေရှင်းရန် TNLA နှင့် RCSS ပဏာမတွေ့ဆုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၁၈ ခုနှစ်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်တောင်ပိုင်းRCSS/SSA တို့အကြား လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် ဇန်နဝါရီလ ၂၂ ရက်နေ့က ပဏာမ တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို တရုတ်-မြန်မာ နယ်စပ်တစ်နေရာတွင် ပြုလုပ်ခဲ့သည်ဟု PSLF/TNLA က ပြောသည်။

“အခုကတော့ ဒီတစ်ခေါက်တွေ့ဆုံတာ လက်ရှိဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ သွားမလဲ ဘယ်လိုမျိုးပုံစံနဲ့ လုပ်ကြမလဲ ပြောမယ်ဆိုရင် ပဏာမ တွေ့ဆုံဆွေးနွေးမှုဖြစ်တယ်။ နောက်တွေ့ဆုံဆွေးနွေးမှု အတွက် အကြိုလို့ပဲ ပြောလို့ရမယ်” ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

ထို့တွေ့ဆုံ ဆွေးနွေးမှုနှင့်ပတ်သက်၍ PSLF/TNLA က ဇန်န်ဝါရီလ ၂၆ ရက်နေ့ ယနေ့ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ထဲတွင် ဤပဏာမ တွေ့ဆုံမှုက မိမိတို့အကြား ဖြစ်ပွားနေသော ပဋိပက္ခများကို အဖြေရှာနိုင်ရန် အစပြုဆွေးနွေးခဲ့ကြသည်ဟု ပါရှိသည်။

ထို့အပြင် ၎င်းတို့နှစ်ဖက်အကြား ဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်စဲအောင် ပြုလုပ်နိုင်ရန်နှင့် ဖြစ်ပွားနေသော ပဋိပက္ခများ အဖြေရှာနိုင်ရန်အတွက် အဆင့်မြင့် ထိပ်ပိုင်းခေါင်းဆောင်များအကြား ဆက်လက်တွေ့ဆုံဆွေးနွေးသွားရန် သဘောတူခဲ့ကြသည် ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

သို့သော် PSLF/TNLA နှင့် RCSS/SSAတို့ နောက်ထပ်တွေ့ဆုံဆွေးနွေးမည့် ရက်ကို အတိအကျ သတ်မှတ်နိုင်ခြင်း မရှိသော်လည်း နှစ်ဖက်ခေါင်းဆောင်များ ထပ်မံဆွေးနွေးရန် သဘောတူညီခဲ့ကြသည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆက်ပြောသည်။

“ရက်ကတော့ ပြန်ပြီး ညှိနှိုင်းရမယ်။ ဘယ်နေ့ဘယ်လဘယ်ရက် ဖြစ်မယ်ဆိုတာကတော့ အတိအကျ ညှိနှိုင်း သဘောတူညီမှုတော့ မရဘူး။ ဒါပေမယ့် နောက်တစ်ကြိမ်တွေ့ဆုံဆွေးနွေးဖို့အတွက်တော့ သဘောတူညီမှု ရထားတယ်ပေါ့နော”

ယခုတွေ့ဆုံဆွေးနွေးမှုတွင် PSLF/TNLA ဖက်က တွဲဖက်အတွင်းရေးမှူး ၂ ၊ မဟာမိတ်ဆက်ဆံရေးမှူး နှင့် စစ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးတို့ပါဝင်ပြီး RCSS/SSA ဖက်တွင် ဗဟိုကော်မတီဝင်တစ်ဦးနှင့် စစ်ဒေသဆိုင်ရာ အရာရှိ ၂ ဦးပါဝင်သည်ဟု သိရသည်။

လက်ရှိ အချိန်တွင် PSLF/TNLA နှင့် RCSS/SSA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခြင်း မရှိသော်လည်း ကြိုကြားကြိုကြား ဖြစ်ပွားနေဆဲဟု PSLF/TNLA က ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် PSLF/TNLA နှင့် RCSS/SSA တို့အကြား ဇန်နဝါရီလ လဆန်းပိုင်းက တိုက်ပွဲများ ဆက်တိုက် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် ၎င်းဒေသရှိ စစ်ဘေးရှောင်များမှာ နီးစပ်ရာ မြို့သို့ စစ်ဘေးရှောင်ကြရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့က နမ့်ဆန်မြို့နယ်အတွင်းရှိ ကိုက်တိုင်ကျေးရွာအောက်ဖက်တွင် PSLF /TNLA တပ်မဟာ ၂ လက်အောက်ခံတပ်များနှင့် RCSS/SSA တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၉ ရက်နေ့ တွင်လည်း ကျောက်မဲမြို့နယ် တောဖယ်ကျေးရွာနှင့် ကြက်သေ( ကိုက်တိုင်)ကျေးရွာအကြားတွင် နံနက် ၉ နာရီခွဲကနေ ညနေ ၇ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA က လက် မှတ်ရေးထိုးပြီးနောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း PSLF/ TNLA နှင့် တိုက်ပွဲ ဖြစ်ပွားလာခဲ့သည်။