တနိုင်း-ပယင်းမှော် လေယာဉ် ဗုံးကြဲမှုအရပ်သားများ သေဆုံးဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၁၈ ခုနှစ်။
ကချင်ပြည်နယ် တနိုင်းဒေသအတွင်းရှိ ပယင်းမှော်များအတွင်းသို့ အစိုးရတပ်မတော်က လေယာဉ် ဖြင့် ဗုံးကြဲခဲ့သည့်အတွက် ပယင်းတူးဖော်သူ နှစ်ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ဟု တနိုင်း ဒေသခံများက ပြောပါသည်။
တနိုင်းဒေသခံတစ်ဦးက “ပယင်းမှော်မှာ လူလေးယောက် ဒဏ်ရာရတယ်၊ လေယာဉ်နဲ့ ဗုံးကြဲတာ နှစ် ခေါက် သုံးခေါက်လောက်ကျတယ်၊ ဗုံးလာကြဲသွားတာပေါ့နော်။ နည်းနည်းကြာတော့ အဲ့ဒီ ဒဏ်ရာရတဲ့ လူတွေထဲက တစ်ယောက်ဆုံးသွားတယ်။ ညနေပိုင်းတော့ နောက်တစ်ယောက် ထပ်ဆုံးသွားတယ်။ ဒဏ်ရာထပ်ရတာတွေ ရှိတယ်။ အခုက ဒဏ်ရာရတာ ပယင်းမှော်က ၅ ယောက်၊ ဆုံးတာက နှစ် ယောက်။ ဒဏ်ရာရတဲ့လူတွေကိုတော့ စက်လှေနဲ့ ဆေးရုံပို့ရတယ်”
ဇန်နဝါရီလ ၂၆ ရက်နေ့ ယမန်နေ့ ညနေ နှစ်နာရီအချိန်ခန့်တွင် တနိုင်းဒေသအတွင်းရှိ ဇီးဖြူကုန်းနှင့် အနီးအနားရှိ ပယင်းမှော်များတွင် အစိုးရတပ်မတော်မှ လေယာဉ်များဖြင့် ဗုံးကြဲခဲ့သည်ဟု ဒေသခံများ က ပြောသည်။
အလားတူ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေအတွင်းတွင်လည်း ထိခိုက်ဒဏ် ရာ ရရှိသူများလည်းရှိသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။
“နောက်ပြီး တပ်ရင်း ၁၄ ပေါ့နော်။ ဟို KIA တပ်ရင်းဘက်လေ အဲ့မှာ လူထုဆေးပေးခန်းပုံစံရှိတယ်။ အဲ့ဒီမှာလည်း ဗုံးကျတော့ လူနှစ်ယောက် ဒဏ်ရာရတယ်လို့ ကြားတယ်။ ဖြစ်တဲ့နေရာကတော့ ဇီးဖြူ ကုန်း၊ ဒီပယင်းမှော်တစ်လျှောက်ပေါ့နော်။ တပ်ရင်း ၁၄ ဘက်ရောပေါ့နော်။ ဇီးဖြူကုန်းနဲ့ ရင်း ၁၄ က နည်းနည်းတော့ လှမ်းတယ်။ ဒါပေမယ့် သူက တကြောပဲလေ။ ဇီးဖြူကုန်းကနေ လပူခနော်၊ အဲ့က နေကျော်ရင် နမ့်ခမ်းကျေးရွာပေါ့နော်။ အဲ့ဒါကျော်မှ တပ်ရင်းဘက်ရောက်တာ”
ဇီးဖြူကုန်း၊ ညောင်ပင်ကုန်း၊ ခန်းကြား၊ မိုင်းခွင်း အစရှိသည့် ပယင်းမှော်များတွင် ပယင်းတူးဖော်သူ တစ်ထောင်ကျော်ခန့်ရှိပြီး အဆိုပါ လေကြောင်းပစ်ခတ်မှုနှင့် အနီးအနားတွင် ဖြစ်ပွားနေသည့် တိုက်ပွဲ များကြောင့် ပိတ်မိနေသူများလည်း ရှိနေသည်ဟု ပြောသည်။
ထို့အပြင် ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းတွင်လည်း တနိုင်းမြို့ ကနေ လက်နက်ကြီးသံများ၊ သေနတ်သံများ ဆက်တိုက်ကြားနေရသည်ဟု တနိုင်းဒေသခံ ဦးနော်တောင်က ပြောသည်။
“လက်နက်ကြီးသံတွေလည်း ဒီ ညနေပိုင်းလောက်က စပြီးကြားနေရတယ်။ မိုင်းခွင်းဘက်ပေါ့နော်။ ခန်းကြားနဲ့ မိုင်းခွင်းဘက်က လက်နက်ကြီးသံတွေ၊ ဗုံးသံတွေပေါ့နော် ညနေ ၆ နာရီ ၇ နာရီလောက် အထိကြားနေရတာ။ ဘယ်သူက ပစ်တာလည်းတော့ မသိဘူးပေါ့နော်”
ယခုလက်ရှိအချိန်တွင် တိုက်ပွဲများမှာ တနိုင်းမြို့နှင့် နီးကပ်စွာ ဖြစ်ပွားလာသည့်အတွက် ဒေသခံများမှာ စိုးရိမ်မှုများ ရှိလာသည်ဟု ဦးနော်တောင်က ဆက်ပြောသည်။
“ပြီးခဲ့အခေါက် တိုက်ပွဲ နည်းနည်းပြင်းထန်ပြီးနောက်ပိုင်းကတည်းက တနိုင်းဒေသခံတွေက အမြဲ စိုးရိမ်နေကြတယ်။ တိုက်ပွဲနောက်ပိုင်းကစပြီး လယ်တောတွေ ခြံတွေ သွားတဲ့အခါ ဒေသခံတွေက မိုင်းနင်းမိတာတွေ၊ သေနတ်သံ လက်နက်ကြီးသံတွေ မကြာခနကြားနေရတာတွေက အားလုံးကို ထိတ်လန့်စေတယ်။ မိုင်းနင်းမိပြီးသေတဲ့လူတွေရှိလာတယ်။ ရွာအနီးအနားကို လက်နက်ကြီးတွေ ကျတာတွေရှိတယ်။ တိုက်ပွဲတွေ တဖြည်းဖြည်း မြို့နဲ့ နီးကပ်ပြီးမှ ဖြစ်လာတော့ အားလုံးကစိုးရိမ် နေကြတယ်။ စားဝတ်နေရေးမက အသက်အန္တရာယ်ပါ စိုးရိမ်နေရတယ်”
ဇန်နဝါရီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့တွင်လည်း လီဒိုလမ်းမပေါ်ရှိ တိန်ကောက်ရွာအနီးနှင့် တနိုင်းဒေသအတွင်းရှိ ရှဒူးဇွပ်ကျေးရွာအနီးတို့တွင် အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။
လက်ရှိတွင် အစိုးရတပ်မတော်က ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ၏ တနိုင်းဒေသရှိ တပ်မဟာ ၂ တပ်ရင်း ၁၄ တို့တွင် အစိုးရတပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှုများကြောင့် စစ်ရေးတင်းမာနေသည့် အခြေအနေတွင် ရှိနေသည်ဟု ဇန်နဝါရီလ ၂၂ ရက်နေ့တွင် KIO/KIA သ တင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက က သတင်းနှင့် မီဒီယာ ကွန်ရက်သို့ ပြောဆို ထားသည်။
“တနိုင်းဘက်မှာလည်း တပ်ရင်း ၁၄ နယ်မြေဘက်မှာ နယ်မြေရှင်းလင်းရေးဆိုတာက အားလုံးက တော့ ပြီးစီးမှုမရှိသေးဘူးလို့ သူတို့ကတော့ ခံယူထားတာပေါ့။ အဲ့ဒါကြောင့် စစ်ရေးတင်းမာမှုက ဆက်ဖြစ်နေတယ် တနိုင်းဘက်မှာပေါ့နော်၊ ဒီဟူးကောင်းချိုင့်ဝှမ်းနဲ့ လီဒိုလမ်းတလျှောက်မှာလည်း တပ်မတော်ကနေ ထိုးထားတဲ့ စစ်ဆင်ရေးတွေက ရုပ်သိမ်းတာမရှိဘူး။ စစ်ရေးက တင်းမာတယ်။ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်”
အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယနေ့ နံနက်ပိုင်းအချိန် ထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။