အရပ်သား ၃၀၀၀ ကျော် တနိုင်းတွင် ပိတ်မိနေဆဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၁၈ ခုနှစ်။
ကချင်ပြည်နယ်၊ တနိုင်းဒေသရှိ ပယင်းမှော်နှင့် ရွှေမှော်များတွင် ဒေသခံများနှင့် မှော်လုပ်သား သုံးထောင်ကျော် ယနေ့အချိန်ထိ တိုက်ပွဲများအကြား ပိတ်မိနေစဲဟု ဒေသခံများကပြောသည်။
တိုက်ပွဲကြောင့် ပိတ်မိနေသည့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များကို အစိုးရတပ်မတော်ရှေ့တန်းစစ်ကြောင်းက ဇန်နဝါရီလ ၂၉ ရက်၊ ယမန်နေ့က ပြန်လာရန် လမ်းဖွင့်ပေးခဲ့သော်လည်း လူဦးရေ သုံးထောင်ကျော်ခန့်မှာ ယနေ့အချိန်ထိ ပိတ်မိနေစဲဟု တနိုင်းဒေသခံများက ပြောသည်။
“မနေ့က သူတို့က ပြန်ခွင့်ပြုတာက ပိတ်မိတဲ့ နေရာကနေတော့ ညနေ ၃ နာရီ လောက်ကနေ သူတို့စီစစ်ပြီးမှ လွတ်တာ ဟုတ်တယ်။ လောလောဆယ် အခြေအနေကတော့ ယောကျာ်းလေးတွေက ကျန်နေပြီးတော့ ကလေးနဲ့ အမျိုးသမီးတွေ ထွက်လာကြတယ်။ နောက်ပိုင်းက ဘယ်လိုဖြစ်လာမလဲတော့ မသိဘူး။ လောလော ဆယ်ကတော့ ယောကျ်ားလေးတွေက မရောက်လာဘူး။ အိမ်မှာ ရှိနေတဲ့ မိသားစုတွေက စိုးရိမ်နေကြတယ်။ အမျိုးသားတွေကို သူတို့လမ်းပြဖို့ ဘာညာပေါ့နော တိုက်ပွဲထဲမှာ အသုံးချမှာ စိုးရိမ်နေကြတယ်” ဟု တနိုင်း ဒေသခံ ဦးနော်တောင်က ပြောသည်။
ယခုအချိန်တွင် အမျိုးသမီးများနှင့် ကလေးသူငယ်အချို့ တနိုင်းမြို့ပေါ်သို့ ရောက်ရှိလာနေပြီဖြစ်သော်လည်း အမျိုးသားများမှာ ရောက်ရှိလာခြင်း မရှိသေးဟု ဒေသခံများက ပြောသည်။
ကျန်ရှိနေသေးသည့် ဒေသခံများနှင့် မှော်လုပ်သားများအားဒေသတွင်းရှိ ဘာသာရေးအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ သွားရောက်ခေါ်ထုတ်ရန် စီစဉ်ခဲ့ရာ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် အစိုးရတပ်မတော်ထံမှ ခွင့်ပြုချက်မရကြောင်း ဒေသခံများ က ပြောသည်။
၎င်းတို့အား တနိုင်းမြို့ရှိ ဒေသဆိုင်ရာ ကွပ်ကဲရေး စစ်ဌာနချုပ်(တနိုင်း ဒကစ) က သွားရောက်ခေါ်ယူပေးရန် စီစဉ်နေကြောင်း တပ်မတော်ဘက်က ပြောဆိုခဲ့သည်ဟု ဒေသခံများပြောသည်။
“ဒကစက စီစဉ်နေကြတယ် မနေ့က ကျနော်တို့ သွားကြိုပေးမယ်ပြောတော့ ကြိုစရာမလိုဘူး။ သူတို့သွားကြို ပေးမယ်တဲ့ စက်လှေ ၅ စီးနဲ့ ကြိုပေးမယ်။ အဲဒီချောင်းကနေကားနဲ့ ပြန်ကြိုပေးမယ်ဆိုတော့ အဲလိုပြောတာနဲ့ ကျနော်တို့က ဘာမှမလုပ်တော့ပါဘူးခင်ဗျာ။ တပ်ကတာဝန်ယူပေးမယ်ပေါ့နော။ ချောင်းထဲက ထွက်လာတာနဲ့ သူတို့ကို မေးစရာမြန်းစရာ မေးမြန်းပြီးမှ ရပ်နီးရပ်ဝေး အဲလိုမျိုးပြန်ပို့ပေးမယ် အဲလိုမျိုး စီစဉ်ထားကြတယ်။”ဟု တနိုင်း စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးဘရန်ရှောင်က ပြောသည်။
သို့သော်လည်း ပိတ်မိနေသူများမှာ ယနေ့အချိန်ထိ တနိုင်းမြို့ပေါ်သို့ ရောက်မလာကြသေးပဲ မိသားစုများနှင့် တကွဲတပြား ဖြစ်နေကြရပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေသည့်အတွက် ပိတ်မိနေသူများအတွက် စိုးရိမ်နေကြရသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေစဲဟု “ကျနော်တို့က မိုင် ၂၀ လောက်ဝေးတယ်ဆိုတော့ အသံတွေပဲကြားရတယ်။ အသံတွေက ရပ်လိုက်၊ ကြားလိုက်ပဲ။ တိုက်ပွဲက နေ့ရော ညရောဖြစ်နေတာ။ မနေ့ ညကလည်း ညပိုင်း လူတိတ်တဲ့အခါကျတော့ လက်နက်ကြီးထိုးတဲ့အသံတွေရော အဲလိုမျိုးတွေ ကြားရတယ်” ဦးဘရန်ရှောင်က ပြောသည်။
ယခုကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။
ယမန်နေ့က အမျိုးသမီးနှင့် ကလေးငယ်များ စုစုပေါင်း ၈၀၀ ခန့်နှင့် ယနေ့ နံနက်ပိုင်းတွင် စက်လှေ (၇)စင်းဖြင့် လူဦးရေ ၁၀၀ ခန့် ပြန်လည်ရောက်ရှိပြီ ဖြစ်သည်။
“သူတို့ခန့်မှန်းတာကတော့ လေးထောင်လောက်ရှိတယ်လို့ ခန့်မှန်းကြတယ်။ မနေ့က ပြန်လာတာ သူတို့ အမျိုးသမီးနဲ့ ကလေးတွေ ရှစ်ရာကျော်ရှိတယ်ဆိုတော့ ဟိုဖက်က သုံးထောင်လောက် ကျန်အုံးမယ်ထင်တယ်”
၎င်းတို့အား ဇန်နဝါရီလ ၂၉ ရက်နေ့ ယမန်နေ့ ညနေ ၃ နာရီ ဝန်းကျင်ခန့်တွင် အစိုးရတပ်မတော် ရှေ့တန်း စစ်ကြောင်းက စီစစ် စစ်ဆေးကာ လမ်းဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့ တနိုင်းဒေသရှိ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တပ်မဟာ ၂ တပ်ရင်း ၁၄ ရှိရာ ဒေသများနှင့် ပယင်းမှော်များအတွင်းသို့ အစိုးရတပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် မှော်လုပ်သား အချို့ သေဆုံးခဲ့ရပြီး အချို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။