ကချင်ဒေသ လေကြောင်းအပါအဝင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၁၈ ခုနှစ်။

ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)က ပြောသည်။

“တိုက်ပွဲကတော့ ခုတစ်လောကတော့ တနိုင်းမြို့နယ်ဖက်မှာပေါ့ ကေအိုင်အေ တပ်ရင်း ၁၄ ဖက်မှာတော့ နေ့တိုင်းနေ့တိုင်းလို တိုက်ပွဲကတော့ ပြင်းထန်နေတဲ့ အနေအထားဖြစ်ပါတယ်။ ဒီနေ့လည်းပဲ အဲဒီ တပ်ရင်း ၁၄ ဖက်မှာ တပ်မတော်ဖက်ကနေ လေယာဉ်ပျံနှင့် လာပစ်တယ် ဗုံးကြဲတယ် နောက်ပြီးတော့ မြေပြင်တိုက်ပွဲတွေလည်း ပြန်ဖြစ်တာ အဲဒီအခြေအနေဖြစ်ပါတယ်” ဟု ကေအိုင်အို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တိုက်ပွဲများမှာ တနိုင်း၊ မန်စီနှင့် ဆွမ်ပရာဘွမ် မြို့နယ်များအတွင်း ဖြစ်ပွားနေခြင်းဖြစ်သည်။

တနိုင်းဒေသ၊ လီဒိုလမ်းမတစ်လျှောက် တိန်ကောက်ကျေးရွာ၊ ရှဒူးဇွပ်ကျေးရွာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု တနိုင်းဒေသခံများက ပြောသည်။

“တိုက်ပွဲက ဆက်တိုက်ဖြစ်နေတာ။ ဒီ ညနေ နှစ်နာရီလောက်ပေါ့ အခုနကပေါ့ လေယာဉ်နှစ်စင်းနဲ့ နှစ်ခေါက်ပြန်ပေါ့ လာပစ်သွားတယ်။ လက်နက်ကြီးသံတွေ သေနတ်သံတွေကလည်း တနိုင်းကနေ ကြားနေရတာ။ ဒီနေ့ တိန်ကောက် ဒီဂျန်ဘွမ်တောင်မှာလည်း တိုက်ပွဲဖြစ်တယ်။ အခုဒီ တိုက်ပွဲတွေမှာ ဒီနန်းကွမ်းဘက်၊ ရှဒူးဇွပ်နဲ့ တိန်ကောက်ဘက်မှာ ရှမ်းပြည်သူ့စစ်တွေ၊ စခုန်တိန်းယိန်းရဲ့ အဖွဲ့တွေ၊ ရင်း ၁၄ ဘက်မှာက လီဆူပြည်သူ့စစ်တွေလည်းပါတယ်။ တိုက်ပွဲက ပြန်ထွက်လာတဲ့လူတွေပြောပြတာပေါ့နော်” ဟု အမည်မဖော်လိုသူ တနိုင်းဒေသခံတစ်ဦးက ပြောသည်။

တချိန်တည်းမှာပင် မန်စီမြို့နယ်ရှိ တပ်မဟာ ၃ နယ်မြေဖက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။

“နောက်ပြီးတော့ တပ်မဟာ ၃ တပ်ရင်း ၂၇ နှင့် ၁၂ နေရာဖက်မှာလည်း တိုက်ပွဲတွေ ဒီနေ့လည်းဖြစ်တယ်။ အခုတလော သုံးရက်လောက်ကကြိုကြားကြိုကြားနဲ့ဖြစ်တယ်။ ဒီနေ့က ညနေ ၃ နာရီ လောက်မှာ ဂျက်ဖိုက်တာပေါ့ လေယာဉ်ပျံနဲ့ လာပစ်တာ ဗုံးလာကြဲတာ အဲ့အနေအထားရှိပါတယ်။”

ကချင်ပြည်နယ် မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့နယ်ဘက်တွင် တိုက်ပွဲများဖြစ်ပွားခြင်း မရှိသော်လည်း အစိုးရတပ်မတော်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိသည်ဟု ကေအိုင်အိုက ပြောသည်။

ယခုကဲ့သို့ တိုက်ပွဲများသည် ငြိမ်းချမ်းရေး အလားအလာကို အလှမ်းပိုဝေးစေနိုင်သည်ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

“အခုလိုမျိုး စစ်ရေးနှင့်ပဲ ဖိအားပေးနေတာ တိုက်ပွဲပဲဆင်နွှဲနေတာဆိုတော့ ငြိမ်းချမ်းရေးကတော့ သိပ်ပြီးမှ အခြေအနေက မကောင်းဘူးထင်တယ်။ ပြည်ထောင်စုလို့ပဲပြောပြော ဖက်ဒရယ်လို့ပဲပြောပြော အတူတူနေထိုင်ဖို့ ကျနော်တို့ ဆွေးနွေးချင်နေတာ ဒါပေမယ့် ဒီတပ်မတော်ဖက်ကတော့ အခုလိုမျိုး စစ်ရေးနှင့်ပဲ သူကဖိအားပေးတယ်ဆိုတော့ အချင်းချင်းကတော့ အယုံအကြည်မရှိဘူး။ အယုံအကြည်မရှိတဲ့အခါကျတော့ နိုင်ငံရေးဆွေးနွေးတာဟာလည်း အောင်မြင်မှာမဟုတ်ဘူး”

၂၀၁၁ ခုနှစ်ကစပြီး ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေနှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့ပြီး ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲဖြစ်သည်။