တပ်မတော်နှင့် ကေအိုင်အေ တရုတ်နိုင်ငံတွင် တွေ့ဆုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၁၈ ခုနှစ်။

ကချင်လွတ်လပ်ရေး အဖွဲ့ ကေအိုင်အိုနှင့် အစိုးရတပ်မတော်တို့ နိုင်ငံရေး ဆွေးနွေးရန်အတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့ ယမန်နေ့က ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံခဲ့ကြသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုက ပြောသည်။

တွေ့ဆုံဆွေးနွေးမှု အခြေအနေ အကြောင်းအရာအသေးစိတ်ကို မသိရှိရသေးသော်လည်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးနိုင်ရန် ရည်ရွယ်သည့် တွေ့ဆုံမှုသာဖြစ်နိုင်သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ပြောမယ်ဆိုလို့ရှိရင်တော့ အဲဒီစစ်ရေးကနေ နိုင်ငံရေးကိုပေါ့ နောက်တိုက်ပွဲကနေ နိုင်ငံရေး ဆွေးနွေးပွဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေး ဆွေးနွေးဖို့ လမ်းစလမ်းကြောင်းတွေ အဲဒါတွေ ရှာတဲ့သဘောမျိုးနှင့် အလွတ်သဘော ပထမဦးစွာပေါ့ အလွတ်သဘော တွေ့ဆုံတဲ့ တေ့ွဆုံပွဲဖြစ်မယ်လို့ပဲ ကျနော်ယုံကြည်တယ်ပေါ့ အဲလောက်ပဲ ကျနော်ပြောလို့ရပါတယ်။”

ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနှင့် အစိုးရတပ်မတော်တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒါလီမြို့တွင် တွေ့ဆုံခဲ့ကြပြီး ကချင်လွတ်လပ်ရေး အဖွဲ့ဘက်က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့် ဗဟိုကော်မတီ အဖွဲ့ဝင် လူကြီးများနှင့် အစိုးရတပ်မတော်ဘက်က ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့ (ကစထမှူး) ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဦးဆောင်သည့် အဖွဲ့တို့ တွေ့ဆုံခဲ့ကြသည်။

“တွေ့တာက သေချာတယ်လို့ကြားပါတယ်။ သိတာက ကေအိုင်အေဖက်ကတော့ ဥက္ကဋ္ဌကြီး အင်ဘန်လ သူကိုယ်တိုင် ဦးစီးဦးဆောင်ပြီးမှ သူတို့ ဗဟိုကော်မတီ လူကြီးတွေပေါ့နော် သွားတွေ့မယ်ဆိုတဲ့မယ်ဆိုတဲ့ သတင်းလောက်ပဲရပါတယ်” ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ယခုတွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

အင်န်လယ်လ်ဒီ အစိုးရလက်ထက်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နှင့် အစိုးရတို့အကြား တရားဝင်တွေ့ဆုံမှု တစ်ခါမှ မရှိသေးသည့်အတွက် ယခုကဲ့သို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုကနေ တရားဝင် တွေ့ဆုံဆွေးနွေးမှုအထိ တက်လှမ်းနိုင်ရန် လိုအပ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုုးတော်ဆောင်အဖွဲ့ PCG က ဦးဆမ်အောင်က ပြောသည်။

“ဆွေးနွေးပွဲတိုင်းက စစ်ဆင်ရေးမြင့်မြင့်လိုက်တဲ့ အခါကျတော့ ကျနော်တု့ိလည်း တအားခန့်မှန်းရခက်ပါတယ်။ ကျနော်တို့ ဘာမှ မမျှော်လင့်ဘူးပေါ့။ နေရာတကာမှာ တိုက်ပွဲတွေ ပိုပိုဖြစ်တယ်ဆိုရင် ငြိမ်းချမ်းရေးကို ပိုပိုအလှမ်းဝေးစေတယ်လို့ပဲ ကျနော်မြင်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ ဘယ်ဘက်ကပဲ ဖြစ်ဖြစ်ပေါ့လေ အစိုးရဘက်ကဖြစ်ဖြစ် ဘယ်ဘက်ကဖြစ်ဖြစ် နှုတ်နဲ့မဟုတ်ပဲနဲ့ တကယ်ကိုငြိမ်းချမ်းလိုတဲ့ ဆန္ဒရှိမှပဲ ကျနော်တို့ နိုင်ငံဟာ ငြိမ်းချမ်းပါမယ်။ ငြိမ်းချမ်းဖို့အတွက်ကတော့ တိုက်ပွဲတွေကတော့ အရင်ဆုံး ရပ်ရမယ်လို့ အဲဒါပဲပြောချင်ပါတယ်။”

ဖေဖော်ဝါရီလ ၁ ရက်နေ့ ယမန်နေ့က ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နှင့် အစိုးရ တပ်မတော်တို့အကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေသော်လည်း တနိုင်းမြို့နယ်၊ မန်စီမြို့နယ်၊ ဆွမ်ပရာဘွမ် မြို့နယ်နှင့် မြစ်ကြီးနား-ဖားကန့်သွားရာလမ်းတစ်လျှောက်တို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေသည်ဟု ကေအိုင်အိုက ပြောသည်။

“ဒီနေ့မနက်ကတော့ ဘာမှမကြားသိရပါဘူး။ ဒါပေမယ့် မနေ့ကတော့ ဒီတနိုင်းဖက်မှာလည်း တိုက်ပွဲကတော့ ဆက်ဖြစ်နေပါတယ်။ နောက်ပြီးတော့ ဖားကန့်တက်တဲ့ လမ်းမှာလည်း တိုက်ပွဲကတော့ ဆက်ဖြစ်နေပါတယ်။ မန်စီဖက်ကတော့ ကြိုကြားကြိုကြားတော့ ဆက်ဖြစ်နေပါတယ်။ ဒါပေမယ့် ကြီးကျယ်တိုက်ပွဲကတော့ မနေ့ကတော့ မရှိပါဘူး။ ဒါပေမယ့် ဒီစစ်ကြောင်းတွေ အကုန်လုံးကတော့ တောမှာပဲနေတယ်ဆိုတော့ အချိန်မရွေးကတော့ တိုက်ပွဲကတော့ ပြန်ဖြစ်နိုင်တဲ့ အလားအလာတော့ရှိမှာ” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

၂၀၁၁ ခုနှစ်ကစပြီး ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေနှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့ပြီး ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ် ပွားဆဲဖြစ်သည်။