အခြားတဖက်က အမှန်တရား မှတ်တမ်းရုပ်ရှင် ဖြန့်ချီ

သတင်းနှင့်မီဒီယာ ကွန်ရက်။
ဖေဖေါ်ဝါရီလ ၈ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချူပ် NCA အား လက်မှတ်မရေးထိုးဖြစ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ANOTHER TRUTH အခြားတဖက်က အမှန်တရားဟု အမည်ပေးထားသည့် မှတ်တမ်းရုပ်ရှင်တစ်ခုကို ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်ရှိ နိုင်ငံရေးသိပ္ပံခန်းမ၌ ပြသဖြန့်ချီခဲ့သည်။

ANOTHER TRUTH – Does The NCA Work? အခြားသော အမှန်တရား – NCA ဟာ တကယ်အလုပ်ဖြစ်သလားဟု အမည်ပေးထားသည့် မှတ်တမ်းရုပ်ရှင်ကို ဒီကနေ့ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ နေ့လည်ပိုင်း ပြသခဲ့ခြင်းနှင့် ပတ်သက်၍ မှတ်တမ်းရုပ်ရှင်ထုတ်လုပ်ရေးမန်နေဂျာတစ်ဦးဖြစ်သည့် Hkun Li မှ ယခုလို ပြောသည်။

“လက်ရှိ အခြေအနေကပေါ့နော် အရမ်းကြီးကို ငြိမ်းချမ်းရေး အခြေအနေက ပိုပိုဆိုးလာတယ်ပေါ့နော်။ တချို့က NCA ထိုးတယ်။ တချို့က NCA မထိုးဖြစ်ဘူးပေါ့နော် NCA လမ်းကြောင်းက Deadlock ဖြစ်သွားတယ် အဲ့ဒါကို ကျနော်တို့ လူငယ်တွေအနေနဲ့ ဘယ်လိုပါဝင်မလဲပေါ့နော် ဘာဖြစ်လို့ ဒီလို Deadlock ဖြစ်နေလဲပေါ့။ အဲ့ဒါကို ကျနော်တို့က အားလုံးကို ပြောပြချင်တယ်။”

လက်ရှိ NCA ဆွေးနွေးပွဲများတစ်စို့နေမှုများအပေါ် ဘယ်လိုနည်းလမ်းတွေနဲ့ ရှာဖွေပြီး ဆက်သွားရင် ပိုကောင်းလာမည်၊ တခြားပိုမိုကောင်းမွန်သည့် နည်းစလမ်းစများ ရှာဖွေနိုင်မလားဆိုသည့် အခွင့်အရေး လမ်းစများပေါ်ပေါက်လာစေရန် ယခုမှတ်တမ်းရုပ်ရှင်ကို ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆက်ပြောသည်။

“ဒီလိုပြောပြတဲ့နေရာမှာ တဦးတယောက်ရဲ့ အမြင်ပဲ မဟုတ်ဘူး။ ငြိမ်းချမ်းရေးကို လက်ရှိဆောင်ရွက်နေတဲ့ အစိုးရဘက်က သူတို့အမြင်က ဘယ်လိုလဲပေါ့နော်၊ တိုင်းရင်းသားတွေက သူတို့လိုချင်တာက ဘာလဲပေါ့နော်၊ အလျှော့အတင်းခက်နေတာက ဘယ်အရာလဲပေါ့နော်။ အဲ့ဒါတွေကို ကျနော်တို့ ပြောပြချင်တယ်၊ ပြီးရင် ဒီအပေါ်မှာပေါ့ နိုင်ငံတကာရဲ့ အမြင်ပေါ့ အဲ့ဒါကို ပြောချင်တယ်၊ အားလုံးကို ချပြချင်တယ်။ အဲ့ဒီရည်ရွယ်ချက်နဲက ဒီမှတ်တမ်းရုပ်ရှင်ကို လုပ်ဖြစ်တာပေါ့။”

ယခုမှတ်တမ်းရုပ်ရှင်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မေလတွင် စတင်ရိုက်ကူးခဲ့ပြီး ဘက်ပေါင်းစုံမှ ပါဝင်မှုရှိ စေရန်အတွက် အချိန်တစ်နှစ်နီးပါးကြာ အချိန်ယူရိုက်ကူးခဲ့ရသည်ဟု ပြောဆိုသည်။

မိနစ် ၂၀ ကျော်ကြာ ရိုက်ကူးတင်ဆက်ထားသော ANOTHER TRUTH အခြားတဖက်က အမှန်တရားဆိုသည့် မှတ်တမ်းရုပ်ရှင် တွင် NCA ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသည့် တိုင်းရင်းသားခေါင်းဆောင်များ၊ တတ်သိပညာရှင်များ၊ KIO ခေါင်းဆောင်များ၏ ပြောဆိုချက်များ၊ ငြိမ်းချမ်းရေးတွင် ပါဝင်ပတ်သက်ခဲ့သူများကို မေးမြန်းပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့မှ NCA စာချူပ်ကို ဘာကြောင့် လက်မှတ်မထိုးဖြစ်သည်ကို တင်ပြထားကြောင်း တွေ့ရသည်။

မှတ်တမ်းရုပ်ရှင်တွင် KIO ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချူပ် ဂွန်မော် မှ “KIO အနေနဲ့ကတော့ UNFC အဖွဲ့ဝင်ကနေ နုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။ အဓိက အချက်ကတော့ UNFC ရဲ့ ဆောင်ရွက်ချက်တွေက မှားယွင်းလို့မဟုတ်ပါဘူး။ UNFC က ဘယ်လောက်ပဲ ကြိုးစားသော်လည်းပဲ ဒီ အစိုးရနဲ့ လက်မှတ်ထိုး ထားပြီးသား အဖွဲ့တွေရဲ့ သွားနေတဲ့ လမ်းကြောင်း တဖြည်းဖြည်းနဲ့ UNFC ရဲ့ လိုလားချက်များနဲ့ ဝေးကွာ လာတာကို ကျနော်တို့ တွေ့ကြုံရ အဲ့လို ခံစားရပါတယ်။ အဲ့တော့ UNFC ကနေ ဒီလိုတဖြည်းဖြည်းတောင်း ဆိုနေရင်းကနေ ရှေ့ဆက်သွားတဲ့ အစိုးရနဲ့ ဒီလက်မှတ်ထိုးထားပြီးသား အဖွဲ့များ ဒီ ပရောက်စက်ရဲ့ ဝေးကွာမှုကို ကျနော်တို့ ကြည့်လိုရှိရင် ဒီလမ်းကြောင်းက အမှီလိုက်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ကျနော်တို့ ဒီလိုပဲ သုံးသပ်ပါတယ်။” ဟုပြောသည်။

တဆက်တည်းမှာပင် “နောက်တချက်ကတော့ UNFC အနေနဲ့ တောင်းဆိုထားတဲ့ အချက် ၉ ချက်အပေါ်မှာ အစိုးရက လိုက်လျှောမှု မရှိဘူး၊ သို့သော်လည်းပဲ တပ်မတော်ရဲ့ မူ ၆ ချက် နဲ့၂၀၀၈ အရပဲ သွားရမယ် ဆိုတဲ့ အကြိမ်ပေါင်းများစွာ အစိုးရနဲ့ တပ်မတော် ထိပ်သီးခေါင်းဆောင်များရဲ့ ပြောကြားချက်တွေအရဆိုရင် ဒီ UNFC ကနေ ကြိုးစားနေတဲ့ လမ်းကြောင်းအရ ကျနော်တို့ မဖြစ်နိုင်တော့ဘူးလို့ ယူဆပါတယ်။” ဟု ဗိုလ်ချူပ် ဂွန်မော်မှ ပြောဆိုထားသည်။

ဒီမှတ်တမ်းရုပ်ရှင်ကို ငြိမ်းချမ်းရေးကို စိတ်ဝင်စားသည့် ကချင်လူငယ်များ စုစည်းပြီး ၂၀၁၇ ခုနှစ်တွင် Sunkingdom ထုတ်လုပ်ရေး အဖွဲ့ဖွဲ့စည်းခဲ့ပြီးနောက် ဒီကနေ့နေ့လည်တွင် စတင်ဖြန့်ချီခဲ့ခြင်းဖြစ်သည်။

ANOTHER TRUTH အခြားသော အမှန်တရား ရုပ်ရှင်မှတ်တမ်းကို ပြည်တွင်းပြည်ပမှ ငြိမ်းချမ်းရေးလိုလားသူများ ကြည့်ရှု့နိုင်ရန် လက်ရှိ Online စာမျက်နှာတွင် တင်ပေးထားသည်ဟု သိရှိရသည်။

ချင်းမိုင်တက္ကသိုလ်၌ ပြသခဲ့သည့် ယ္ခုမှတ်တမ်းရုပ်ရှင်ကို ချင်းမိုင်တက္ကသိုလ်ရှိ ကျောင်းသူကျောင်းသားများ၊ ငြိမ်းချမ်းရေးကို စိတ်ဝင်စားကြသည့် နိုင်ငံခြားသားများ အပါအဝင် ချင်းမိုင်တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေကြသည့် မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများအပါအဝင် သတင်းမီဒီယာများမှ စိတ်ဝင်စားသူ ၇၀ ကျော် လာရောက်ကြည့်ရှု့ခဲ့ကြသည်။