ရှမ်းမြောက် ပြည်သူ ၅၀၀ ခန့် စစ်ဘေးတိမ်းရှောင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဖေဖော်ဝါရီလ ၈ ရက်၊ ၂၀၁၈ ခုနှစ်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် တအာင်း(ပလောင်)တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသ ခံ ၅၀၀ နီးပါးခန့် စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။
အစိုးရတပ်မတော်မှ ငေါ့ငါးကျေးရွာအတွင်း လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အတွက် ရွာသားများ မိုင်းယု (၁၀၅)မိုင်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ငေါ့ငါးကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့ နှစ်ရက်က တိုက်ပွဲဖြစ်လို့လေ၊ အစက ရွာအပြင်မှာပဲဖြစ်တယ်။ ပြီးတော့ လေယာဉ်နဲ့ ဗုံးတွေ လာကြဲတယ်၊ စစ်သားတွေလည်း အများကြီးပဲ။ အဲ့ဒါရွာသားတွေအားလုံးထွက်ပြေးတာ။ ငေါ့ငါး ကျောင်းလည်း ပိတ်ထားရတယ်။ ဘယ်သူမှ မပြန်ရဲကြဘူး။ တချို့က မိုင်းယုမှာ ထွက်ပြေးတယ်။ တချို့က နမ့်ဖက်ကာကို ထွက်ပြေးတယ်။ ကွတ်ခိုင်မြို့နယ်ထဲမှာပဲ။”
ငေါ့ငါးကျေးရွာ၊ မန်ကန်ကျေးရွာ၊ ဖာဖိုင်ကျေးရွာ၊ ဘန်ထိပ်ကျေးရွာ၊ နားဝီးကျေးရွာတို့မှာ ဒေသခံများမှာ မိုင်းယုလေးနှင့် နမ့်ဖက်ကာကျေးရွာသို့ ဖေဖော်ဝါရီ ၅ ရက်နေ့မှစ၍ စစ်ဘေးရှောင်နေကြရသည်ဟု ပြောသည်။
မိုင်းယုရှိ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “မိုင်းယုမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာလာနေတဲ့ လူ တွေလည်းရှိတယ်။ နောက်ပြီး မိုင်းယုက အမျိုးတွေအိမ်မှာနေတဲ့ လူတွေလည်းရှိတယ်။ အခုက ရွာ အပြင်ကိုထွက်ပြေးလာတဲ့လူတွေကိုလည်း ရွာထဲပြန်မဝင်ခိုင်းဘူး။ ရွာတွေထဲမှာ ကျန်နေတဲ့ လူတွေ ကိုလည်း ရွာပြင်မထွက်ခိုင်းမဘူး။ ငေါ့ငါးနဲ့ မိုင်းယုကြားမှာဖြစ်တာ။ ငေါ့ငါးနဲ့ မိုင်းယုကြားမှာ ရွာတွေရှိ သေးတယ်။ မန်ကန်၊ နားဝီး၊ ဘန်ထိပ်ရွာ၊ ကောင်းမူးရွာဆိုပြီး အဲ့လိုမျိုး ရွာတွေသုံး လေးရွာလောက်ရှိ တယ်။ လူဦးရေက ခန့်မှန်းရတော့ခက်တယ်။ ဒါပေမယ့် ရွာအားလုံးဆိုရင် လူဦးရေ ၅၀၀ လောက် တော့ရှိတယ်။ နောက်ပြီး တောတွေထဲမှာ ထွက်ပြေးနေတဲ့လူတွေလည်းရှိတယ်။ ကောင်းမူးရွာဘက်ဆို အခုထိ ဆက်သွယ်လို့ကို မရသေးဘူး” ဟု ပြောသည်။
ကွတ်ခိုင်မြို့နယ် ဖာဖိုင်ကျေးရွာနှင့် ငေါ့ငါးကျေးရွာအကြားတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် (ဝရး၁၅) နာရီမှ (၁၀း၃၀) နာရီ အချိန်ထိ တအာင်းတပ်မတော် တပ်ရင်း ၅၇၁ နှင့် အစိုးရတပ်မတော် တပ်မ ၁၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲတွေ မြန်မာ့တပ်မတော်မှ ရဟတ်ယာဉ် ၂ စင်းဖြင့် မိနစ် ၃၀ နီးပါးအကြာ လာရောက်ပစ် ခတ်ခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။
လက်ရှိစစ်ဘေးရှောင်များ၏ အခြေအနေနှင့် ပတ်သက်ပြီး ငေါ့ငါးကျေးရွာမှ စစ်ရှောင်က “ငေါ့ငါးမှာက အိမ်ခြေက တစ်ရာကျော်ပေါ့နော်။ အားလုံးက တအာင်းတွေပဲ၊ တစ်ရွာလုံးထွက် ပြေးတာ။ လူဦးရေက နှစ်ရာကျော်လောက်ပေါ့နော်။ စစ်ဖြစ်တာက တအာင်းနဲ့ အစိုးရ တပ်မတော်ဖြစ်တာ။ ရွာထဲမှာလည်း စစ်သားတွေက ရွာသားတွေကို ရွာထဲလည်းမဝင်ခိုင်းဘူးလေ။ အကုန်ထွက်ပြေးရတာ။ ငေါ့ငါးရွာ၊ ဘန် ထိပ်ရွာ၊ ဘန်ထိပ်ရွာက အစကထွက်မပြေးဘူး။ နမ့်ဖက်ကာဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်လာ မှ အကုန်ထွက်ပေးကြတာ။ ပစ်နေတာတွေကိုလည်း လှမ်းမြင်ရတယ်။ နီးတော့လေ” ဟု ပြောသည်။
ကွတ်ခိုင်မြို့နယ် တာခိုင်ချောင်းအနီးတွင် ဖေဖော်ဝါရီလ (၇)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ နမ္မတူမြို့နယ်၊ နားပိန်းကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ် ကောင်းအိုင်ကျေးရွာသို့ စစ်ဘေးရှောင်လာသည့် ကွက်ခိုင်မြို့ နယ် ကြိမ်မွန်းကျေးရွာအုပ်စုအတွင်းရှိ ဒါခိုင်းကျေးရွာမှ ကချင်၊ ရှမ်းနှင့် တအာင်း(ပလောင်) ဒေသခံ ၁၆၀ ခန့်တို့ အတွက်လည်း အရေးအပေါ် အကူအညီလိုအပ်နေသည်ဟု သိန္နီဒေသခံများက ယခုလ ၆ ရက်နေ့က ပြောသည်။