တနိုင်းဒေသအတွင်း ပိတ်မိသူ ၃၀၀ ကျော်ကျန်ရှိဆဲဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဖေဖော်ဝါရီလ ၈ ရက်၊ ၂၀၁၈ ခုနှစ်။
တနိုင်းဒေသအတွင်း တိုက်ပွဲကြားတွင် ပိတ်မိနေသူ ၃၀၀ ကျော်ခန့် ရှိနေသေးသည်ဟု ဒေသခံများက ပြောသည်။
“ဒီမနက်မေးကြည့်တော့ မနေ့က ၆၀နဲ့ ၇၀ ကြားလောက်ပဲ ထွက်လာနိုင်တယ်။ ဆိုင်ကယ်နဲ့ တစ်ပါတည်းဖြစ်နေတော့ စစ်ဆေးတာ နည်းနည်းကြာနေတယ်လို့ပြောတယ်။ ၃၀၀ ပတ်ဝန်းကျင်လောက်တော့ ကျန်သေးတယ်။ ပိတ်မိနေတဲ့လူတွေက နေ့တိုင်းတော့ ထွက်လာတယ်” ဟု တနိုင်းဒေသခံ ဦးနော်တောင် က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တိုက်ပွဲများကြား ပိတ်မိနေသူ ၃၀၀၀ ကျော်ခန့်ရှိရာမှ အစိုးရ တပ်မတော် ရှေ့တန်းစစ်ကြောင်းက သေချာစီစစ်ကာ ထွက်ခွာခွင့်ပေးခဲ့ရာ ယနေ့နံနက်အချိန်အထိ ၃၀၀ ဝန်းကျင်ခန့် ကျန်နေသေးသည်ဟု ဒေသခံများက ပြောသည်။
ပိတ်မိနေသော မှော်လုပ်သားများနှင့် လုပ်ငန်းရှင်များထံမှ အစိုးရတပ်မတော်မှ ငွေကြေးကောက်ခံခြင်း များအပြင် ဆိုင်ကယ်၊ ဖုန်း၊ ပယင်းမှော် ရွှေမှော်များအတွင်း အသုံးပြုသည့် စက်ပစ္စည်းများ၊ ရိက္ခာများ နှင့် ဆန်များ အစရှိသည်များကို သိမ်းဆည်းထားမှုများလည်း ပြုလုပ်နေသည်ဟု တိုက်ပွဲကြားပိတ်မိ ရာမှ လွတ်မြောက်လာသူ မှော်လုပ်သားများနဲ့ လုပ်ငန်းရှင်များက ပြောသည်။
တိုက်ပွဲကြားပိတ်မိရာမှ လွှတ်မြောက်လာသူ အမည်မဖော်လိုသော မှော်လုပ်သားတစ်ဦးက “ဖုန်းတွေ၊ ဓါတ်မီးတွေ၊ ပစ္စည်းတွေပေါ့ အဲ့လိုသိမ်းထားခဲ့တာတွေရှိတယ်။ တချို့ဆို ပယင်းတွေဘာတွေရော၊ ဆန် တွေရောပေါ့ အကုန်သိမ်းထားခဲ့တယ်။ ဆန်တွေဘာတွေတောင်းတာလည်းရှိတယ်။ ပစ္စည်းတွေဘာ တွေ ရွေးဖို့လည်း ပြောတယ်။ လုပ်ငန်းရှင်တွေဆီကနေလေ။ ဆိုင်ကယ်တစ်စင်းကို နှစ်သိန်းခွဲ၊ နှစ် သိန်းလောက် တောင်းတယ်။ ပိုက်ဆံကတော့ ဆမတ်ဂိတ်မှာကောက်တာလေ။ ဆိုင်ကယ်က ၈၀၀ လောက်ရှိနိုင်တယ်။ မနေ့ကနေစပြီး ပိုက်ဆံကောက်ပြီး ဆိုင်ကယ်နဲ့ တပါတည်း ထွက်ခိုင်းတယ်။ တချို့ကတော့ ဘာမှမပေးရတဲ့လူတွေလည်းရှိတယ်” ဟု ပြောသည်။
ဆမတ်ဂိတ်တွင် ဆိုင်ကယ် အစင်း(၈၀၀)ခန့် ရှိနေသေးသည် ဟု ပြောသည်။
မှော်လုပ်သားများ၊ ဒေသခံများမှာ နန်းကွန်း(ပေါက်ဝ)နှင့် ဆမတ်ဂိတ်ကြားတွင် ရက်သတ္တတစ်ပတ် ကျော်အကြာ ပိတ်မိနေခြင်းဖြစ်သည်။
ထို့အပြင် ၎င်းတို့၏ စားဝတ်နေရေးနှင့် ကျန်းမာရေး အခြေအနေများကို ကိုယ်တိုင်ဖြေရှင်းခဲ့ရသည့် အ ပြင် တိုက်ပွဲကြား စတင်ပိတ်မိစဉ်က အပေ့ါအလေးသွားသည့် ပယင်းမှော်လုပ်သား ၂ ဦးမှာ မိုင်းနင်း မိကာ သေဆုံးခဲ့သည်ဟု တိုက်ပွဲများကြားပိတ်မိနေသူများက ပြောသည်။
ပိတ်မိသည့်နေရာမှ အခြားတစ်နေရာသို့ သွား၍မရသည့်အတွက် အိပ်ခြင်း၊ စားခြင်း၊ အပေါ့အလေး စွန့်ခြင်းများကို တစ်နေရာထဲတွင် လုပ်ဆောင်ရသည့်အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားရသည့် သူများလည်း ရှိသည်ဟု အဆိုပါ မှော်လုပ်သား က ဆက်ပြောသည်။
“အဲ့မှာ ပိတ်မိနေတုန်းကတော့ ရှိတဲ့ဆန်တွေနဲ့ စုပြီး အိုးရှိတဲ့လူလည်း အိုးနဲ့ပေါ့နော်။ မရှိတဲ့ လူတွေ ကလည်း ဘီယာဘူးခွံတို့ဘာတို့နဲ့ စုပြီး ချက်စားရတာပေါ့။ ရှိတဲ့အိုးတွေကလည်း အလှည့်ကျနဲ့ ချက် စားရတာပေါ့။ အဲ့နေရာကနေလည်း ဘယ်မှထွက်မရတော့ အဲ့မှာပဲ အိပ်၊ အဲ့မှာပဲစား၊ အပေါ့စွန့်တာ ဘာညာလည်း အဲ့မှာပဲ။ တချို့ဆို ဝမ်းတွေဘာတွေလျှောလေ၊ အဲ့ကနေမထွက်ဘူးဆိုတာကလည်း စပိတ်မိတုန်းက လူနှစ်ယောက်က အပေါ့အလေးသွားစွန့်တာ မိုင်းနင်းမိပြီးသေသွားတယ်လေ။ နောက် ပြီး အပြင်ကိုလည်း မထွက်ခိုင်းဘူးလေ။ ဒါနဲ့ ဒီလိုပဲ ပြဿနာကို ဖြေရှင်းရတာပေါ့နော်။”
တိုက်ပွဲအတွင်းပိတ်မိနေချိန် ပိတ်မိနေသူများမှာ ငါးယောက်တစ်ဖွဲ့ နာမည်စာရင်းပေးကာ ဆမတ်ဂိတ်တွင် စစ်ဆေးမှုခံယူရပြီး စစ်ဆေးမေးမြန်းပြီးမှသာ တပ်မတော် တာဝန်ရှိသူများက ပြန်ခွင့်ပြုသည်ဟု ပြောသည်။
တနိုင်းဒေသအတွင်းတွင် အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့အကြား ဇန်နဝါရီလ လကုန်ပိုင်းမှ စတင်ပြီး ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်ဟု တနိုင်းဒေသခံများက ပြောသည်။
“တိုက်ပွဲဖြစ်တာကတော့ အခုနကပြောတဲ့ ပယင်းမှော်ဘက်၊ ရွှေမှော်ဘက်တွေ၊ နောက်ပြီး အင်ဂါးဂါး ပတ်ဝန်းကျင်၊ နမ့်ခမ်းဘက်လမ်းတကြောပေါ့နော် အဲ့ဘက်တွေမှာဖြစ်နေတယ်။ တနိုင်းကနေလည်း ကြားနေရတယ်။ နေ့ရောညရော နေ့တိုင်းပဲ ဖြစ်နေတယ်။ အခုတလော ရာသီဥတုအခြေအနေကြောင့် လေယာဉ်တော့ မလာဘူး။ ပြီးခဲ့တဲ့ နှစ်ရက်လောက်အထိတော့ လေယာဉ်တွေက သွားလိုက်လာလိုက်ပဲ” ဟု ဦးနော်တောင်က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တနိုင်းဒေသရှိ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင် အေ) တပ်မဟာ ၂ တပ်ရင်း ၁၄ ရှိရာ ဒေသများနှင့် ပယင်းမှော်များအတွင်းသို့ အစိုးရတပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ယနေ့အထိ မှော်လုပ်သားများ တိုက်ပွဲကြားတွင် ပိတ်မိ နေခြင်းဖြစ်သည်။
တနိုင်းဒေသအပြင် ကချင်ပြည်နယ်မြောက်ပိုင်းရှိ ဆွမ်ပရာဘွမ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲ များကြောင့် ပိတ်မိနေသည့် ပြည်သူများကို အမြန်ဆုံးကယ်ထုတ်ရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ကူညီထောက်ပံ့ပေးရန် ဖေဖော်ဝါရီ ၅ ရက်နေ့က မြစ်ကြီးနားမြို့တွင် ကချင်ပြည်သူ တစ်ထောင်ကျော် က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။