ကေအိုင်အေ တပ်အချို့တည်ရှိမှုကို တပ်မတော် အသိအမှတ်မပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဖေဖော်ဝါရီလ ၈ ရက်၊ ၂၀၁၈ ခုနှစ်။
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ တပ်မဟာ ၄ နှင့် တပ်မဟာ ၆ တို့ကို အစိုးရ တပ်မတော်ဖက်က အသိအမှတ်မပြုကြောင်း KIO/KIA က ပြောသည်။
“အဲဖက်မှာကတော့ ကချင်ပြည်နယ် မဟုတ်တဲ့အခါကျတော့ ရှမ်းပြည်နယ် ဖြစ်နေတယ်ဆိုတော့ သူတို့ကတော့ အသိအမှတ်မပြုတာနေမှာပါ အဲဒါတစ်ချက်နော နောက်ပြီးတော့ အဲမှာက တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း အများကြီးရှိတယ်ဆိုတော့ ပိုပြီးတော့ ရှုတ်ထွေးမှာ သူတို့က နည်းနည်း စိုးရိမ်လို့ ဖြစ်မှာပါ” ဟု ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ကေအိုင်အေ တပ်မဟာ ၄ ဒေသသည် ယခင်က ကချင်လွတ်လပ်ရေးအဖွဲ့မှ ခွဲထွက်ခဲ့သည့် ဦးမထုနော် အုပ်ချုပ်သည့် ဒေသဖြစ်သည်ဟု ကေအိုင်အိုက ပြောသည်။
“အရင်ကတော့ ဒီလိုရှိတာပေါ့ ဒီတပ်မဟာ ၄ က ကျနော်တို့ခေါင်းဆောင် ဦးမထုနော်အဖွဲ့ွတွေ ခွဲထွက်သွားတာ အဲဒီခွဲထွက်သွားတဲ့အခါကျတော့ သူတို့မှတ်ချက်ချတာကတော့ တပ်မဟာ ၄ ကတော့ အဲကနေ ကုန်သွားပြီဆုံးသွားပြီပေါ့။ အဲလိုသူတို့ မှတ်ချက်ချထားတာ အဲဒါကြောင့် ဒီဘက်ပိုင်းမှာ ပြန်ပြီးမှ တပ်မဟာ ၄ ဆိုတာရှိတော့ သူတို့ကတော့ အသိအမှတ်မပြုတာနေမှာပါ” ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာလီမြို့တွင် ကေအိုင်အိုနှင့် အစိုးရတပ်မတော်တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးစဉ်က ၎င်းတပ်မဟာများကို တပ်မတော် ကိုယ်စားလှယ်ဘက်က အသိအမှတ်မပြုကြောင်း ကေအိုင်အိုကို ပြောခဲ့ခြင်းဖြစ်သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနှင့် အစိုးရတပ်မတော်တို့ တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး ထုတ်ပြန်ကြေငြာချက်တစ်စောင်ကို ကေအိုင်အိုက ဖေဖော်ဝါရီလ ၈ ရက်နေ့ ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်ထဲ၌ မြန်မာ့တပ်မတော်ဘက်က KIA တပ်ရင်း ၁၄ ဌာနချုပ်အပါအဝင် KIA တပ်စခန်းများ ဖယ်ရှားပေးရန်နှင့် အချို့သော KIA တပ်မဟာများ တည်ရှိမှုကို အသိအမှတ်မပြုနိုင်ကြောင်း ဖိအားပေးဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။
“သူတို့က နယ်မြေစိုးမိုးရေးအတွက် ဖြစ်မယ်ထင်တယ်။ နောက်ပြီးမှ စစ်ရှိန်လျှော့ချရေး ခေါင်းစဉ်ကနေ ပြန်ပြီးမှ ဆွေးနွေးမယ်ဆိုလို့ရှိရင်တော့ ဒီတပ်နေရာချထားရေးပေါ့နော အဲဒါကသူတို့ ဆွေးနွေးဖြစ်တာပေါ့။ ဆိုတော့ တပ်နေရာချထားရေး ဆိုရင်တော့ ခုနကပြောတဲ့ တစ်ချို့တွေ ဖယ်ပေးရတယ် ရှောင်ပေးရတာတွေ ဆုတ်ပေးရတာတွေပါတာပေ့ါ။ တပ်မတော်ဖက်ကနေ ဆုတ်ပေးရမှာ ကေအိုင်အေဘက်မှာလည်း ဆုတ်ပေးရမှာ အဲဒါမျိုးတွေပါတဲ့ ဒီခေါင်းစဉ်ကနေ ဆွေးနွေးလို့ တပ်ရင်း ၁၄ အကြောင်းကိုပါတယ်လို့ ကျနော်ကြားမိပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ကေအိုင်အိုဖက်က ၎င်းကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် လိုအပ်သည်ဟုသာ တုန့်ပြန်ဆွေးနွေးခဲ့သည်ဟု ပြောသည်။
ထို့အပြင် ကေအိုင်အိုဘက်က ယခု လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ ကိစ္စအပါအဝင် ဒေသတည်ငြိမ်ရေး၊ တိုက်ပွဲများလျှော့ချရေး၊ ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် အားလုံးပါဝင်ရေးနှင့် ပင်လုံစာချုပ် ပင်လုံကတိကဝတ်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အလေးထားဆွေးနွေး ခဲ့ပါသည်ဟု ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
၂၀၁၁ ခုနှစ်ကစပြီး ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေနှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့ပြီး ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲဖြစ်သည်။